
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ဇွန်လ ၁၀ ရက်ကနေ ၁၅ ရက်အထိ ကျင်းပနေတဲ့ ၅ ကြိမ်မြောက် မော်စကို နိုင်ငံတကာခရီးသွားဖိုရမ်နဲ့ ခရီးသွားပြပွဲမှာ မြန်မာ - ရုရှား နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ ခရီးသွားပြပွဲမှာ “Let’s Travel” ခေါင်းစဉ်နဲ့အတူ နိုင်ငံတကာခရီးသွားဖိုရမ်ကို ပူးတွဲ ကျင်းပနေပြီး စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အပါအဝင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ တက်ရောက်နေတာပါ။
ခရီးသွားပြပွဲအတွင်း မြန်မာအဖွဲ့နဲ့ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး တွေ့ဆုံချိန် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အပါအဝင် မြန်မာ-ရုရှား နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် လုပ်ဆောင်ရေး၊ နှစ်နိုင်ငံ ခရီးသွားပြပွဲများ ပူးပေါင်းပြသရေး၊ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံမှာ လာရောက် မြှုပ်နှံကြဖို့ စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ရုရှားခရီးသွားများ ပိုမိုလာရောက် လည်ပတ်နိုင်ရေး၊ ပြည်ပကို ခွင့်ရက်ရှည် သွားလာကြမယ့် ရုရှားနိုင်ငံသား အစိုးရဝန်ထမ်းတွေကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်တာ၊ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံ တော်တော်များများကလည်း မြန်မာနိုင်ငံကို ခရီး မသွားကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ကိုဗစ်အလွန်ကာလမှာ အိမ်နီးချင်း နိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ ခရီးသွားကဏ္ဍ ပြန်ဦးမော့လာပေမဲ့ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းမှာ မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုက တနှစ်ထက်တနှစ် ကျဆင်းနေပါတယ်။
ဇွဲသစ်