Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးကြီးရေလျှံ သတိပေး
DVB
·
June 12, 2025
Photo :TNN EARTH

 

ထိုင်းနိုင်ငံအထက်ပိုင်း မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ဇွန် ၁၂ ရက်မှ ၁၃ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ‌ရေကြီး‌‌ရေလျှံမှုတွေ သတိထားဖို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း မုတ်သုံလေနဲ့ အနောက်တောင်အရပ်က လေတွေပေါင်းဆုံပြီး မြောက်ဘက်အရပ်သို့ ရွေ့လျားကာ မိုးတိမ်တောင်တွေဖြစ်ပေါ်စေတာကြောင့် ဇွန် ၁၂ မှ ၁၃ ရက်အတွင်း မိုးသည်းထန်ကာ လျှပ်စီးလျှပ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့  မိုးလေဝသဌာနကလည်း သတိပေးထုတ်ပြန်ပါတယ်။ 

မိုးကြီး‌‌ရေလျှံ သတိထားရမယ့် ဒေသတွေမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်နဲ့ ပိုင်းမြို့နယ်၊ ချင်းမိုင်၊ ဟန်ဒုန်း၊ မဲ့ကျဲမ်၊ မဲ့လိမ်း၊ ဆမိုင်းမြို့နယ်၊ ချင်းရိုင်း၊ မယ်ဆိုင်၊ ဝိန်းပါပေါက်၊ ထိန်းမြို့နယ်၊ လမ်းဖွန်း၊ မဲ့ထား၊ ဘန့်ဟုန့်မြို့နယ်၊ လမ်းပန်း၊ ‌ငေါဝ်းမြို့နယ်၊ နန့်၊ ချလိုမ်ဖရကစ်၊ ထုန့်ချန့်၊ ဘိုမြို့နယ် တို့ ဖြစ်ပါတယ်။ မိုးရွာရန်ရာနှုန်းမှာ ဒေသရဲ့ ၈၀ ရာခိုင်နှုန်းရှိပြီး အပူချိန်မှာ ၂၃ မှ ၃၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်းမှာဆိုရင် ယဆိုထွဏ်းမြို့နယ်၊ အမ်နတ်ကျရွန်းမြို့နယ်၊ ဥဘွန်းရာ့ချ်ဌာနီ၊ ခုန်ကျိန်း၊ ဆီရီထွဏ်း၊ ဖိုးထိဆိုင်း၊ ဖိဘွန်းမန်းဆာဟန်မြို့နယ်တို့ ဖြစ်ပါတယ်။ ဒေသရဲ့ ၈၀ ရာခိုင်နှုန်း မိုးရွာနိုင်ခြေရှိပြီး နေ့အပူချိန်မှာ  ၂၃ မှ ၃၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။

ထိုင်းအလယ်ပိုင်းမှာလည်း ဥထိုင်းဌာနီ၊ ချိုင်းနတ်၊ ကျန်ထပူရီမြို့နယ်၊ ခလုန်မြို့နယ်၊ တရတ်မြို့နယ်၊ ဘော်လိုက်နဲ့ ခလောင်းယိုင်မြို့နယ်တွေမှာ မိုးသည်းထန်နိုင်ပြီး ဒေသရဲ့ ၄၀  ရာခိုင်နှုန်း မိုးရွာဖွယ် ရှိတယ်။ နေ့အပူချိန်မှာလည်း ၂၃ မှ ၃၅ စင်တီဂရိတ်အထိ ရှိနိုင်တယ်။ ပင်လယ်အော်မှာ လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာထိမြင့်တက်မယ်လို့ ဆိုပါတယ်။ 

ထိုင်းတောင်ပိုင်း ရနောင်း၊ ဖန်င နဲ့ ဖူးကက်ဒေသမှာလည်း ဒေသရဲ့ ၃၀ ရာခိုင်နှုန်း မိုးရွာနိုင်ချေရှိပြီး အန္တမာန် ပင်လယ်ပြင်လှိုင်းအမြင့် ၃ မီတာထိ တက်နိုင်မယ်လို့  မိုးလေဝသဌာနက ခန့်မှန်းထား ပါတယ်။ 

ဘန်ကောက်ခရိုင်နဲ့ အနီးတဝိုက် နေရာကွက်ကျားမိုးရွာသွန်းပြီး ရွာရန်ရာနှုန်း ၆၀ ရှိမယ်။ အပူချိန်မှာ ၂၈ မှ ၃၅ ဒီဂရီစင်တီဂရိတ်ထိရှိမယ်လို့ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ဝူတစ်” (WUTIP)ဟာ ဇွန် ၁၄ ရက်အတွင်း ဟိုင်နန်ကျွန်း အဲဒီနောက် တရုတ်နိုင်ငံ အနောက်တောင်အရပ်ဆီရွေ့လျားမယ်၊ ထိုင်းဘက်ကို ရောက်လာမှာ မဟုတ်ပေမဲ့ မုန်တိုင်းဂယက်ကြောင့်  အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဇွန် ၁၄ မှ ၁၆ ရက်အတွင်း  မိုးရွာသွန်းဖွယ်ရှိတယ်လို့  ထိုင်းမိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။ 

Source # TNN Eatht /  ndwc.disaster.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013