ကော့မြစ် (နမ့်ခုတ်မြစ်) ကို ကယ်တင်ကြပါစို့ ဆိုတဲ့ ကမ်ပိန်း လှုပ်ရှားမှုတခုကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် တာတွန်းကျေးရွာမှာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်တဲ့ ဇွန် ၅ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်မြို့နယ်မှာ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့ မိုင်းယန်းဒေသက တရုတ်ကုမ္ပဏီတွေ မြေရှားသတ္တုနဲ့ ရွှေတူးဖော်မှုတွေကြောင့် နမ့်ခုတ်မြစ်အတွင်း မြစ်ရေ အဆိပ်သင့်မှု ပြဿနာကို ဖြေရှင်းပေးဖို့ တာတွန်းကျေးရွာက ထိုင်းဒေသခံတွေဟာ ဇွန် ၅ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
“ဒီနေ့ ကျနော်တို့ မြစ်ကိုကယ်တင်ဖို့ စုရုံးကြတာပါ။ ခင်ဗျားတို့တွေ့တဲ့အတိုင်းပဲ၊ မြစ်ဟာ မြန်မာပြည်မြောက်ပိုင်းက သတ္တုတွင်းကြောင့် ညစ်ညမ်းနေပါတယ်” လို့ People’s Party က ထိုင်းလွှတ်တော်အမတ် ကန်ဖောင်း ပရာယွန်ဆက်က DVB ကို ပြောပါတယ်။
“ဒါကြောင့် ဒီနေ့ ကျနော်တို့ ဒီကိုရောက်နေကြတာပါ။ တာဝန်ရှိသူတွေ ဒါမှမဟုတ် ဝန်ကြီးချုပ် (ဖဲထောင်းထန်း ရှင်နာဝပ်) ဒါမှမဟုတ် တာဝန်ရှိတဲ့ ဘယ်သူမဆို ကျေးဇူးပြုပြီး လာကြည့်ပေးဖို့ ပြောချင်ပါတယ်။”
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေကတော့ နမ့်ခုတ်မြစ်မှာ အာဆင်းနစ်ပါဝင်မှု ပမာဏတွေ မြင့်မားနေပြီး ဘေးကင်းလုံခြုံရေး စံနှုန်းတွေထက် ကျော်လွန်နေပြီလို့ ဆိုကြပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်ကနေ စီးဆင်းလာတဲ့ နမ့်ခုတ်မြစ်ဟာ ထိုင်းဘက်ခြမ်းမှာ အရှည် ၂၈၅ ကီလိုမီတာရှိပြီး ချင်းမိုင်ခရိုင် မယ့်အိုင်းမြိုနယ်၊ ချင်းရိုင်ခရိုင် ချင်းရိုင်နဲ့ ကျိန်းဆဲန်မြိုနယ်အတွင်း ဖြတ်သန်းကာ မဲခေါင်မြစ်အတွင်း စီးဆင်းသွားတာလည်း ဖြစ်ပါတယ်။