
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးထားပါတယ်။
ဧပြီ ၁၇ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ မြန်မာငလျင်ပြန်လည်ထူထောင်ရေးအပါအဝင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ထုတ်ပြန် အသိပေးလာတာ ဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိဖို့ အပါအဝင် မြန်မာပြည်သူတွေရဲ့ အရေးပေါ် လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဓိကထား ဆွေးနွေးခဲ့ကြတယ်ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးမှု မတိုင်ခင် မလေးရှားဝန်ကြီးချုပ်ကတော့ မြန်မာစစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားမှသာ အကူအညီတွေ ပေးအပ်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရှင်းရှင်းလင်းလင်းပြောထားတဲ့အကြောင်း ပြောဆိုထားပါတယ်။
နိုင်ငံရေးအကဲခတ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေဘက်က ဒီလိုတွေ့ဆုံမှုအခြေနေဟာ အာဆီယံဒေသတွင်းမှာ စစ်ခေါင်းဆောင်ကို ပိုပြီး အသိမှတ်ပြုရာရောက်နေတယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာတော့ NUG က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမယ်ဆိုပြီး မလေးရှားဝန်ကြီးချုပ်က အခုလို အသိပေးလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မြန်မာနှစ်ဆန်းတရက်နေ့မှာ အကျဉ်းသား ၄၉၀၀ နီးပါးကို ပြန်လည်လွှတ်ပေးလိုက်တာဟာ တင်းမာမှုကို ဖြေလျှော့ဖို့ ခြေလှမ်းတရပ်ဖြစ်ပြီး အဓိပ္ပါယ်ရှိတဲ့ အချက်ပြမှု တခုလို့ မလေးရှားဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပေမဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၄ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့လည်း သိရပါတယ်။