
လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲလိမ်တယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ၅ နှစ်အကြာမှာ ရွေးကောက်ပွဲလုပ်ဖို့ အတည်ပြုလာတာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ စစ်ဘေးရော၊ ငလျင်ဘေးပါ ကြုံတွေ့နေရပြီး ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်ခင်မှာဘဲ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမယ်လို့ ဧပြီ ၈ ရက်မှာ ကြေညာလိုက်တာဖြစ်ပြီး အခု နှစ်သစ်ကူးမိန့်ခွန်းမှာလည်း ပြည်သူတွေ ရွေးကောက်ပွဲကို ပူးပေါင်းပေးဖို့ ထပ်ပြီး ပြောကြားလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဒီနှစ်အကုန် ဒီဇင်ဘာနဲ့ နောက်နှစ်အစပိုင်း ဇန်နဝါရီမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေပြီး နိုင်သူ အကုန်ယူစနစ် (FPTP) ရော၊ အချိုးကျကိုယ်စားပြု (PR) ရွေးကောက်ပွဲစနစ် ၂ ခုစလုံးကို ပေါင်းစပ်ကျင်းပဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။