
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံးပြီး ၇၀၀၀ ကျော် ဒဏ်ရာရခဲ့ကာ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ အများအပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ငလျင်သဘာဝဘေးအန္တရာယ်ဟာ ရှောင်ပြေးလို့ မလွတ်နိုင်ပေမဲ့ ကြိုတင်ကာကွယ်တာတွေနဲ့ ဆုံးရှုံးထိခိုက်တာ နည်းအောင်တော့ ပြုလုပ်နိုင်ပါတယ်။
NLD အစိုးရလက်ထက်မှာ ဒီလို ဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ ဘာတွေဆောင်ရွက်ခဲ့လဲ၊ လက်ရှိ အာဏာသိမ်း စစ်တပ်ကရော ငလျင်ဒဏ်သင့်ပြည်သူတွေကို ကယ်ဆယ်ရေးမှာ ဘယ်လိုလုပ်နေလဲဆိုတာ သိရဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေ CDM လုပ်ထားတဲ့ အရာရှိတယောက်ကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်ဖို့ ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာ အရင်ဆုံး ပြောပြပေးပါလား။
ဖြေ - “ဘေးအန္တရာယ်တွေကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းအောင်လုပ်ဖို့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းနဲ့ တည်ဆောက်မှုမဟုတ်တဲ့အပိုင်း ဆိုပြီး ၂ မျိုးရှိပါတယ်။ ပြည်သူ့အစိုးရလက်ထက်မှာ ဒီ ၂ ခုလုံးကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပေးခဲ့ပါတယ်။”
“ပထမဆုံး တည်ဆောက်မှုအပိုင်းကို ပြောရမယ်ဆိုရင် နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နဲ့ တိုင်း ၁၅ ခုအနက် ၁၁ ခုမှာ ဘေးဒဏ်ခံအဆောက်အအုံ ၁၄၃ လုံး တည်ဆောက်ပေးခဲ့ပါတယ်။ အကြမ်းဖျင်း ပြောရမယ်ဆိုရင် ဘေးဒဏ်ခံ အဆောက်အအုံ တလုံးက အနည်းဆုံး ငွေကျပ် သန်း ၁၀၀ ကျော် ကုန်ပါတယ်။”
“ဒီအရေအတွက်က နာဂစ်မုန်တိုင်းအပြီးမှာ ပြည်တွင်းပြည်ပ အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ဒဏ်ခံအဆောက်အအုံ ၈၄ လုံး မပါဝင်ဘဲ ပြီးခဲ့တဲ့ ပြည်သူ့အစိုးရလက်ထက်မှာ ပြည်ထောင်စုနဲ့ တိုင်းနဲ့ ပြည်နယ် ဘတ်ဂျက်တွေနဲ့ တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ခံ အဆောက်အအုံတွေက သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွေမှာ လူတွေ အရေးပေါ် ခိုလှုံနိုင်ဖို့နဲ့ လူ့အသက်တွေကို ကယ်ဆယ်နိုင်ဖို့ တည်ဆောက်ပေးခဲ့တာဖြစ်ပြီး အခုလက်ရှိ စစ်တပ်လက်ထက်မှာ ဒီလိုလုပ်ငန်းတွေ ဘာတခုမှ မလုပ်နိုင်တော့ပါဘူး။”
“လမ်းပန်းဆက်သွယ်ရေး ဆိုရင်လည်း ပြောစရာမလိုလောက်အောင် လူတိုင်းသိရှိပြီး ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်အောင် လုပ်ပေးခဲ့လို့ ဘေးအန္တရာယ် ဖြစ်ခဲ့ရင်တောင် ကုန်စည်စီးဆင်းမှု မပြတ်တောက်အောင် စီစဉ်နိုင်ခဲ့တယ်။ အခုကာလမှာတော့ စစ်တပ်က ရှိပြီးသား လမ်းတွေကိုတောင် ပိတ်ဆို့ပြီး ဖြတ် ၄ ဖြတ်၊ ဖြတ် ၅ ဖြတ် အစီအစဉ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”
“ပြည်သူ့အစိုးရလက်ထက်မှာ ဒီမိုကရေစီအစိုးရဖြစ်လို့ ပြည်ပငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ IMF (အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့)၊ World Bank (ကမ္ဘာ့ဘဏ်) နဲ့ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) စတဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တွေလည်း များစွာ ရရှိခဲ့ပါတယ်။ ဥပမာပေးရမယ်ဆိုရင် နိုင်ငံတော်ရန်ပုံငွေနဲ့သာ မကဘဲ World Bank ချေးငွေနဲ့ လူကယ်ပြန်ဝန်ကြီးဌာနအောက်က၊ ဘေးစီမံဦးစီးဌာနရဲ့ အရေးပေါ်တုံ့ပြန်မှုတွေ ထိရောက်မြန်ဆန်စေဖို့ လိုအပ်တဲ့ မော်တော်ယာဉ်တွေ ဝယ်ယူပေးခဲ့ ပါတယ်။”
“ကယ်ဆယ်ရေးပစ္စည်းတွေ သိုလှောင်သိမ်းဆည်းထားတဲ့ ဗဟိုသိုလှောင်ရုံတွေကို ငလျင်ဒဏ် ခံနိုင်ရည်ရှိအောင် အဆင့်မြှင့်တင် ဆောက်လုပ်ပေးခဲ့ပါတယ်။ အသက်ကယ် အထောက်အကူ ဖြစ်တဲ့ ဖိုက်ဘာစက်လှေတွေ၊ သက်ကယ်ကြိုးတွေ၊ မီးစက်တွေ၊ သက်ကယ်ဝတ်စုံတွေကို အသင့်ဝယ်ယူ သိုလှောင်ပေးခဲ့တယ်။”
“ထိုနည်းတူပဲ မီးသတ်ဦးစီးဌာနအတွက် လိုအပ်တဲ့ သက်ကယ်ပစ္စည်းတွေကိုလည်း ဖြည့်ဆည်း ထောက်ပံ့တာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ အရင် ပြည်သူ့အစိုးရလက်ထက်မှာ ရေကြီးနိုင်တဲ့ ဒေသတွေက စာသင်ကျောင်းတွေ ဆိုရင်လည်း အသက်ကယ်အင်္ကျီတွေ၊ ဖိုက်ဘာစက်လှေတွေ ထောက်ပံ့ပေးပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပေမဲ့ အခုဆိုရင် ဒီလိုလုပ်ဆောင်မှုတွေ လုံးဝမရှိတော့ပါဘူး။”
“ငလျင်နဲ့ပတ်သက်ရင်လည်း အသိပညာပေးတွေ၊ ဇာတ်တိုက်လေ့ကျင့်တာတွေ၊ ရှာဖွေကယ်ဆယ်ရေးနဲ့ အဓိကသက်ဆိုင်တဲ့ မီးသတ်ဦးစီးဌာနအတွက် လိုအပ်တဲ့ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေနဲ့ နည်းပညာတွေ ဖြည့်တင်းနိုင်ဖို့ ဘတ်ဂျက်ခွင့်ပြု လုပ်ဆောင်ပေးခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။”
“ဖြည့်စွက်ပြောချင်တာက အခုလို အရေးပေါ်အချိန်တွေမှာ အသက်ကယ်ဆယ်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ အရပ်သားအစိုးရအတွက် လိုအပ်တဲ့ ရဟတ်ယာဉ်တစီး ဝယ်ယူခဲ့တာကိုလည်း စစ်တပ်က မတရားပုဒ်မတွေတပ်ပြီး နိုင်ငံခေါင်းဆောင်တွေကို အရေးယူခဲ့ပါတယ်။ အဲဒီလို ဝယ်ယူခဲ့ရတာလည်း ပြည်သူ့အစိုးရလက်ထက်မှာကတည်းက စစ်တပ်ခေါင်းဆောင်ပိုင်းတွေက တပ်ပိုင်ရဟတ်ယာဉ်တွေကို ပြည်သူ့အတွက်သုံးစွဲဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြလို့ ဖြစ်ပါတယ်။ အရပ်သားခေါင်းဆောင်တွေအတွက် မဖြစ်မနေ လိုအပ်လို့ သုံးစွဲဖို့ကိုတောင် စစ်တပ်က သဘောတူကြည်ဖြူမှ သုံးခွင့်ရတာ ဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း ဘေးအန္တရာယ် ကျရောက်ချိန်တွေမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြလို့ အရပ်သားအစိုးရ အနေနဲ့ ကယ်ဆယ်ရေးရဟတ်ယာဉ်တစင်း ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီရဟတ်ယာဉ်ကို အရပ်သား အစိုးရခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးအတွက် ဝယ်ယူခဲ့တာလည်း မဟုတ်သလို ခိုးဝှက်ပြီး ဝယ်ယူခဲ့တာလည်း မဟုတ်ပါဘူး။ တိုင်းသိပြည်သိ ကြေညာပြီး ပြည်သူကို အသိပေးချပြ၊ လွှတ်တော်အထိတင်ပြ ခွင့်ပြုချက်ယူပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။”
“တည်ဆောက်မှုအပိုင်းမဟုတ်တဲ့ မူဝါဒ ချမှတ်ရေးဆွဲ လုပ်ဆောင်မှုတွေမှာလည်း မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးစီမံချက် (MAPDRR) ၂၀၁၇ လို၊ အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးစီမံချက် ၂၀၁၉ လို နိုင်ငံတော်အဆင့် စီမံချက်တွေ ရေးဆွဲချမှတ်ပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။”
“MAPDRR မှာဆိုရင် မဏ္ဍိုင်ကြီး ၄ ရပ်၊ ဦးစားပေးစီမံကိန်း ၃၂ ခု ပါဝင်ပြီး ဦးစားပေး စီမံကိန်းတွေကို ဝန်ကြီးဌာန စုစုပေါင်း ၁၀ ခုက ဦးဆောင် အကောင်အထည်ဖော်ကြတာဖြစ်ပြီး ဦးစီးဌာန/အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ပူးပေါင်းပါဝင်ကြတာ ဖြစ်ပါတယ်။”
မေး - ဒီစီမံကိန်းတွေက တကယ်ပဲ အကောင်အထည်ဖော်ဖို့ လွယ်ကူရဲ့လား။
ဖြေ - “ဘယ်ဟာကမှတော့ လွယ်တယ်လို့ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ရအောင်တော့ လုပ်ခဲ့နိုင်ကြပါတယ်။ စီမံချက်မှာပါဝင်တဲ့ ဝန်ကြီးဌာနအလိုက်က သူ့ကဏ္ဍနဲ့သူ အကောင်အထည် ဖော်ကြသလို တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေက လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက ဦးဆောင် အကောင်အထည်ဖော်ကြတာ ဖြစ်ပါတယ်။”
“ဒါကြောင့်ပဲ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်မှုတွေ၊ Building codes နဲ့အညီ အဆောက်အအုံတွေကို အရည်အသွေးစိစစ်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာ အစိုးရတွေက လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။”
“အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာပဲ MAPDRR စီမံချက် အကောင်အထည်ဖော် တိုးတက်မှုတွေကို စောင့်ကြည့်အကဲဖြတ်တာတွေ လုပ်ခဲ့ကြပါတယ်။”
မေး - ဘာတွေ တိုးတက်လာတာ တွေ့ရလဲ။
ဖြေ - “အခုငလျင်နဲ့ အဆက်စပ်ဆုံး နမူနာတခုကို ပြောရမယ်ဆိုရင် မန္တလေးမြို့ရဲ့ ဘူမိဗေဒနဲ့ဆိုင်တဲ့ ဘေးအန္တရာယ်ဇုန်တွေကို အကဲဖြတ်ခန့်မှန်းခြင်း (Assessment of the Geologic Hazard Zones of Mandalay) ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် မန္တလေးမြို့ရဲ့ ဘယ်နေရာတွေမှာ အထပ်မြင့် အဆောက်အအုံကြီးတွေ တည်ဆောက်လို့ရတယ်။ ဘယ်နေရာမှာတော့ အထပ်နိမ့်တွေပဲ ဆောက်သင့်တယ် စတဲ့ ငလျင်ကြောင့် အပျက်အစီးများနိုင်ခြေ (Risk) အရ အဆောက်အအုံ တည်ဆောက်သင့်တဲ့ နေရာတွေကို ခွဲခြား သတ်မှတ်ပေးနိုင်တယ်။ ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချပေးနိုင်ဖို့နဲ့ အနာဂတ် မြို့ပြစီမံကိန်းများအတွက် ကောင်းမွန်တဲ့စီမံချက်တွေ Urban Planning အတွက် အထောက်အကူပြုခဲ့တယ်။”
“အဲလိုပဲ ပညာရေးပိုင်းဆိုရင်လည်း ဘက်စုံဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်းတွေ ပေါ်ပေါက်လာစေဖို့ တည်ဆောက်ရေးလမ်းညွှန်တွေ ထုတ်ဝေနိုင်ခဲ့သလို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်က စပြီး တည်ဆောက်ခဲ့တဲ့ စာသင်ကျောင်းတွေကို အဲဒီလမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကြီးကြပ်ကွပ်ကဲနိုင်ခဲ့တယ်။ ဒါက နမူနာတချို့ကိုပဲ ပြောပြတာပါ။”
မေး - အခု ငလျင်ကယ်ဆယ်ရေးမှာ စစ်တပ်ဟာ အဲဒီစီမံချက်တွေထဲကအတိုင်း လုပ်ရဲ့လား။
ဖြေ - “စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်မှာ ဒီလုပ်ငန်းစဉ်တွေအားလုံး ရပ်တန့်ခဲ့ပြီး ဘေးအန္တရာယ်အတွက် အစီအမံဆိုတာ ဘာမှန်းမသိအောင် ဖြစ်သွားခဲ့ပါတယ်။ အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးစီမံချက် ၂၀၁၉ မှာ ဆိုရင်လည်း ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေးအတွက် အရပ်ဘက်-စစ်ဘက် ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင် လေ့ကျင့်ခဲ့ကြပေမဲ့ တကယ်ဖြစ်လာချိန်မှာ ယူနီဖောင်းဝတ် အင်အားစုတွေထဲက မီးသတ်နဲ့ ကြက်ခြေနီတွေကိုပဲ တာဝန်ပေးခဲ့ပြီး စစ်တပ်နဲ့ ရဲတွေကို တကယ့် အသက်ကယ်ရမယ့် ကိစ္စရပ်တွေမှာ အင်နဲ့အားနဲ့ ထုတ်သုံးတာမျိုး မရှိခဲ့ပါဘူး။”
“သူတို့ အစည်းအဝေးတွေ လုပ်တာတော့ ရှိတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ သိတဲ့အတိုင်း ဘာမှ ထိထိရောက်ရောက်မလုပ်တာ၊ လုပ်နေသူတွေကိုတောင် လုံခြုံရေးအကြောင်းပြ ကန့်သတ် ဟန့်တားနေတာတွေကို တွေ့ရတယ်။”
“အရင် ပြည်သူ့အစိုးရလက်ထက်မှာဆိုရင် သဘာဝဘေး ဖြစ်ပွားချိန်တွေမှာ သက်ဆိုင်ရာ တပ်ရင်းမှူးတွေက အထက်ခွင့်ပြုချက်ကိုတောင် စောင့်စရာမလိုဘဲ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်ဆိုတဲ့ စစ်တပ်အကြီးအကဲတွေရဲ့ နှုတ်ထွက်စကားက အခုအချိန်မှာ ဟာသလို ဖြစ်နေပါတယ်။”
“ပြီးတော့ ငလျင်ဘေးမှာ ရှာဖွေကယ်ဆယ်ဖို့ စစ်တပ်ဆီက အကြီးစားစက်ပစ္စည်းကိရိယာတွေ သုံးခွင့်ပေးရမယ်လို့လည်း စီမံချက်မှာ ပါတယ်။ အခု သုံး၊ မသုံး ဆိုတာကတော့ တနိုင်ငံလုံး မြင်နေတဲ့အတိုင်းပါပဲ။”
“ဘေးအန္တရာယ် သတိပေးချက်တွေကို လူထုဆီ ပို့ပေးရမယ်ဆိုတာ ပါတယ်။ အခုက ငလျင်လှုပ်ချိန်ကစလို့ ရက်တော်တော်ကြာအထိ ဖုန်းလိုင်းတွေပါ ခေါ်မရအောင် ဖြစ်ခဲ့တယ်။ ငလျင်ဒဏ်ခံ လူတွေအတွက် သတင်းအချက်အလက်ဆိုတာ မရနိုင်ခဲ့ဘူး။ ဒါကိုကြည့်ရင် စစ်တပ်ရဲ့ ယန္တရားတခုလုံးက နေပြည်တော်ကို ဗဟိုပြုပြီး လည်ပတ်နေတာမျိုး၊ နေပြည်တော် တခုခုဖြစ်တာနဲ့ သူတို့ရဲ့ ယန္တရားတခုလုံး ပျက်ယွင်းသွားတာကို အထင်အရှားမြင်ရတယ်။ သူတို့မှာ Backup အစီအမံဆိုတာ မရှိနေဘူး။”
မေး - ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေးနဲ့ ပတ်သက်လို့ရော အခု ဘယ်လိုမြင်လဲ။
ဖြေ - “အရေးပေါ်တုံ့ပြန်မှုအပိုင်းမှာဆိုရင် ပြည်သူ့အစိုးရလက်ထက်မှာ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ အားကောင်းအောင် လုပ်ပေးခဲ့တယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ကိုလည်း လွတ်လပ်ခွင့်ပေးခဲ့၊ ဆန္ဒအလျောက်ပဲ မှတ်ပုံတင်နိုင်တာကြောင့် အဖွဲ့အစည်းတွေက လွတ်လွတ်လပ်လပ် ကူညီပံ့ပိုးမှုတွေ လုပ်နိုင်ကြတယ်။”
“လက်ရှိ စကစက အသင်းအဖွဲ့တွေကိုလည်း အတင်းအကျပ် မှတ်ပုံတင်ခိုင်းတယ်၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကိုပါ သူတို့စိတ်တိုင်းမကျရင် ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေ တပ်ပြီး ပြစ်ဒဏ်တွေ ထည့်သွင်းပြဋ္ဌာန်းထားတဲ့အတွက် တချို့အဖွဲ့အစည်းတွေက လူမှုရေးလုပ်ငန်းတွေကို လုံးဝစွန့်လွှတ်လိုက်ရတယ်။ တချို့ဆိုရင်လည်း စကစ အန္တရာယ်ကို ကြောက်ရလို့ လူမသိသူမသိအောင် လျှို့ဝှက်ပဲ လုပ်ဆောင်နိုင်ကြတော့တယ်။”
“ဒုက္ခရောက်ချိန်မှာ ကူညီကယ်ဆယ်မယ့် အဖွဲ့တွေကိုပါ ကန့်သတ်၊ ထိန်းချုပ်ပြီး သွားရောက်ခွင့် မပြုတာတွေ လုပ်နေတဲ့အတွက် အခု ငလျင်ဘေးသာမကဘူး၊ အရင်ကဖြစ်ခဲ့တဲ့ မုန်တိုင်းဘေးတွေ၊ ရေဘေးတွေမှာလည်း ဘေးသင့်ပြည်သူတွေက အကူအညီမရဘဲ ဖြစ်ခဲ့ကြတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ကူညီခွင့် ပိတ်ပင်ခဲ့လို့ တချို့အဖွဲ့အစည်းတွေဆိုရင် ကယ်ဆယ်ရေးပစ္စည်းတွေကို သူတို့ ဂိုဒေါင်တွေထဲမှာ ဒီအတိုင်း အလှ ကြည့်နေခဲ့ရတယ်။”
“ပြည်သူ့အစိုးရလက်ထက်မှာ ရခိုင်ပဋိပက္ခမှာရော ကိုဗစ် အရေးပေါ်ကာလမှာရော လူငယ်လူရွယ်တွေရဲ့ အားကို အပြည့်အဝရယူပြီး တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပေမဲ့ အခု စစ်တပ်ကတော့ သူတို့အာဏာအတွက် လူငယ်တွေရဲ့ အသက်ကို စတေးခိုင်းနေတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ် လူငယ်လူရွယ်တွေက နိုင်ငံကို နည်းအမျိုးမျိုးနဲ့ စွန့်ခွာနေကြရတယ်။”
မေး - ဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။
ဖြေ - “အခု စစ်ကိုင်းငလျင်ကြီးအတွက် စကစဘက်က အရေးပေါ်ရန်ပုံငွေ သတ်မှတ်သုံးစွဲဖို့ ပြောလာတာ ရှိပါတယ်။ အမှန်တကယ်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၀၁၃ မှာ ဘေးအန္တရာယ်တွေအတွက် အရေးပေါ်ရန်ပုံငွေ ထူထောင်ထားဖို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ စစ်တပ်က အဲဒီဥပဒေကို လက်တလုံးခြား ကိုင်စွဲပြီး အပြစ်မဲ့ပြည်သူတွေကို ထောင်ချဖို့လောက်ပဲ သုံးနေတာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၆(က)၊ ၂၇၊ ၂၈(ခ)၊ ၃၀(က)(ခ) တွေကို သုံးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် စစ်တပ်ကို ဆန့်ကျင်သူတွေကို ဥပဒေပုဒ်မတွေကို လက်တလုံးခြား အသုံးပြုပြီး တရားစွဲ အရေးယူနေတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်တွေနဲ့ဆိုင်တဲ့ အရေးပေါ်ကိစ္စတွေ အတွက်တော့ ဥပဒေကို မျက်ကွယ်ပြု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”
“ပြည်သူ့အစိုးရလက်ထက်မှာဆိုရင် လူကယ်ပြန်ဝန်ကြီးဌာန၊ ဘေးစီမံဦးစီးဌာနအတွက် နှစ်စဉ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကို ကျပ် ၂၀ ဘီလီယံ (သန်းပေါင်း ၂ သောင်း) နှစ်စဉ် ချထားပေးခဲ့ပါတယ်။ ဦးစီးဌာန ရန်ပုံငွေအပြင် နိုင်ငံတော်သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေ ၁၀၀ ဘီလီယံကနေလည်း ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေကို သုံးစွဲနိုင်ပါတယ်။”
“ဒီရန်ပုံငွေတွေအပြင် ၂၀၂၀ ကိုဗစ်ကာလမှာ ကိုဗစ်ကူးစက်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ နာလန်ထူနိုင်ဖို့နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အရန် ရန်ပုံငွေ (General Reserve Fund) ကျပ်ငွေဘီလီယံ ၁,၀၀၀ ကျော်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။”
“အဲဒီရန်ပုံငွေတွေထဲက ဘီလီယံ ၄၀၀ လောက်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လထဲမှာ စစ်ကောင်စီက အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကို ခွဲဝေပေးခဲ့ပြီး အဲဒီငွေတွေနဲ့ပတ်သက်လို့ ဘယ်လို ကိုင်တွယ်သုံးစွဲလိုက်တယ် ဆိုတာကို ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ခဲ့တာ မရှိခဲ့ပါဘူး။”
“လက်ရှိ စစ်တပ်အုပ်ချုပ်နေတဲ့ကာလမှာ နှစ်စဉ်ပေးအပ်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ကျပ် ၂၀ ဘီလီယံ၊ သမ္မတ အရန် ရန်ပုံငွေ ၁၀၀ ဘီလီယံနဲ့ ကိုဗစ်ရန်ပုံငွေ လက်ကျန် ၆၀၀ ဘီလီယံတို့က ဘယ်ရောက်ကုန်မှန်း မသိတော့သလို ဘေးဖြစ်ချိန်တွေမှာလည်း အဲဒီရန်ပုံငွေတွေကို သုံးစွဲဆောင်ရွက်တာမျိုး မရှိတော့ပါဘူး။”
“ဒီလို ရန်ပုံငွေတွေ ကြိုတင်သတ်မှတ်ဆောင်ရွက်တယ် ဆိုတာက ဘေးဖြစ်ချိန်မှာ အလျင်အမြန် ထောက်ပံ့မှုတွေ လုပ်နိုင်ဖို့၊ လူ့အသက်ကို အမြန်ဆုံး ကယ်ဆယ်နိုင်ဖို့ ဖြစ်ပါတယ်။ အဆင့်ဆင့် ဘတ်ဂျက်တင် တောင်းရတဲ့ လုပ်ငန်းစဉ်တွေကို ကျော်လွှားနိုင်ဖို့ လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါတွေကို နားမလည်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေကြောင့် လူ့အသက်တွေက မသေသင့်ဘဲ သေကြရတယ်။ ဘေးသင့်ပြည်သူတွေကလည်း အကူအညီမရဘဲ အကုန်ဒုက္ခရောက်ကြရတာပါ။”
မေး - နောက်ထပ် ဖြည့်စွက်ပြောချင်တာများ ရှိသေးလားခင်ဗျ။
ဖြေ - “နောက်ထပ် အရေးကြီးတာတခုက အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ပြည်သူတွေက သဘာဝဘေးအတွက်ကို မစိုးရိမ်နိုင်၊ မပြင်ဆင်နိုင်တော့ပါဘူး။ ရပ်ရွာအခြေပြု ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း စစ်တပ်ရန်ကိုကြောက်လို့ ဒါတွေ မလုပ်ပေးရဲကြဘူး။ စစ်တပ်ရဲ့ လူစုလူဝေးမလုပ်ဖို့ တားမြစ်တာတွေကြောင့် အရင်တုန်းကလို လူတွေ စုဖွဲ့ပြီး ဇာတ်တိုက်လေ့ကျင့်တာမျိုး ဆိုတာလည်း ဘာမှန်းတောင် မသိကြတော့ဘူး။”
“ဒါ့အပြင် စစ်တပ်က ပြည်သူတွေရဲ့ဘဝကို နိစ္စဓူဝ ပူပန်ကြောင့်ကြမှုတွေနဲ့ ပြည့်နေအောင် လုပ်နေလို့ ဖြစ်ပါတယ်။ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် ပူပန်ရတယ်။ လျှပ်စစ်မီး၊ အင်တာနက် မရလို့ အလုပ်တွေ ကြန့်ကြာရတယ်။ မတရား ဖမ်းဆီးထောင်ချတယ်၊ သတ်ဖြတ်တယ်၊ လေယာဉ်နဲ့ဗုံးကြဲတယ်၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းတယ်၊ လူ့အခွင့်အရေး ဆိုတာ ဘာမှန်းမသိအောင် ဖိနှိပ်ထားတယ်။”
“ဒါတွေကြောင့် ပြည်သူတွေက စစ်တပ်အန္တရာယ်ကိုပဲ ပိုပြီး စိုးရိမ်ကြောင့်ကြနေရလို့ သဘာဝဘေးကိုတောင် သတိမမူနိုင်တော့တာ ဖြစ်ပါတယ်။ ဒါကလည်း အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။”
“ပြည်သူတွေရဲ့ သဘာဝဘေးအပေါ် သိမြင်သဘောပေါက်မှုနဲ့ ကြိုတင်ပြင်ဆင်မှုကို လုံးဝ မလုပ်နိုင်အောင် ဖြစ်စေခဲ့တဲ့ အကြောင်းရင်းက လက်ရှိစစ်တပ်ပဲ ဖြစ်ပါတယ်။ ဘေးဖြစ်လာရင် ပထမဆုံး ရင်ဆိုင်တုံ့ပြန်ရတာက ရပ်ရွာလူထုဖြစ်ပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ရပ်ရွာလူထုက ဘာမှကို ပြင်ဆင်နိုင်မှုမရှိအောင် ဖြစ်ပြီး အခုလို ဆုံးရှုံးနစ်နာမှုတွေ ကြီးမားရတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ငလျင်အတွက် နိုင်ငံတကာအကူအညီတွေ အလုံးအရင်းနဲ့ ဝင်ရောက်နေတာကို စစ်တပ်က ပြည်သူအတွက် ဘယ်လောက်ထိ ပြန်သုံးမလဲ၊ ဘယ်လိုတွေ အလွဲသုံးစားလုပ်မလဲ ဆိုတာကို နိုင်ငံတကာကရော၊ ပြည်သူတွေကပါ စောင့်ကြည့် ဖော်ထုတ်ကြဖို့ လိုပါတယ်။”
ကျေးဇူးတင်ပါတယ်။