Home
မြန်မာသတင်း
ငလျင်ဘေးစီမံချက်အတိုင်း ကူညီကယ်ဆယ်ရေး အမြန်မလုပ်ခဲ့သဖြင့် ပြည်သူ့အသက်များ မသေသင့်ဘဲ သေခဲ့ရ
DVB
·
April 16, 2025
Photo: MFSD

အန်အယ်လ်ဒီအစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ ငလျင်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်တွေကို အာဏာသိမ်းစစ်တပ်က ချောင်ထိုးထားခဲ့သလို ငလျင်ဘေးစီမံချက်အတိုင်း ကူညီကယ်ဆယ်ရေး မြန်မြန်မလုပ်ခဲ့တာကြောင့် ပြည်သူ့အသက်တွေ မသေသင့်ဘဲသေခဲ့ရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ CDM လုပ်ထားတဲ့ အရာရှိတယောက်က ဝေဖန်ပြောဆိုပါတယ်။

၂၀၃၀ ပြည့်နှစ်အထိ မျှော်မှန်းရေးဆွဲထားတဲ့ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးစီမံချက်နဲ့ အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေး စတဲ့ စီမံချက်တွေကို အန်အယ်လ်ဒီလက်ထက်မှာ ချမှတ်ရေးဆွဲခဲ့တာပါ။

CDM အရာရှိက “ဘေးအန္တရာယ်တွေကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းအောင်လုပ်ဖို့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းနဲ့ တည်ဆောက်မှုမဟုတ်တဲ့အပိုင်းဆိုပြီး ၂ မျိုးရှိပါတယ်။ ပြည်သူ့အစိုးရ လက်ထက်မှာ ဒီ ၂ ခုလုံးကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပေးခဲ့ပါတယ်။ အခုလက်ရှိ စစ်တပ်လက်ထက်မှာ ဒီလိုလုပ်ငန်းတွေ ဘာတခုမှ မလုပ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးစီမံချက် MAPDRR က ဦးစားပေး စီမံကိန်း ၃၂ ခုကို ဝန်ကြီးဌာန ၁၀ ခုက ဦးဆောင်အကောင်အထည်ဖော်ကြတာဖြစ်ပြီး ဦးစီးဌာန/အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ပူးပေါင်းပါဝင်ကြတာ ဖြစ်ပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာပဲ MAPDRR  အကောင်အထည်ဖော် တိုးတက်မှုတွေကို စောင့်ကြည့်အကဲဖြတ်တာတွေလုပ်ခဲ့ကြပြီး ထိုက်သင့်တဲ့ တိုးတက်တာလည်းရှိခဲ့တယ်လို့ CDM အရာရှိက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ဒီလုပ်ငန်းစဉ်တွေအားလုံး ရပ်တန့်ခဲ့ပြီး ဘေးအန္တရာယ်အတွက် အစီအမံဆိုတာ ဘာမှန်းမသိအောင် ဖြစ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

CDM အရာရှိက “အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေး စီမံချက်မှာဆိုရင်လည်း ငလျင်ဘေးရှာဖွေကယ်ဆယ်ရေးအတွက် အရပ်ဘက်-စစ်ဘက် ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင် လေ့ကျင့်ခဲ့ကြပေမဲ့ တကယ်ဖြစ်လာချိန်မှာ ယူနီဖောင်းဝတ်အင်အားစုတွေထဲက မီးသတ်နဲ့ ကြက်ခြေနီတွေကိုပဲ တာဝန်ပေးခဲ့ပြီး စစ်တပ်နဲ့ ရဲတွေကို တကယ့် အသက်ကယ်ရမယ့် ကိစ္စရပ်တွေမှာ အင်နဲ့အားနဲ့ထုတ်သုံး တာမျိုးမရှိခဲ့ပါဘူး။ ပြီးတော့ ငလျင်ဘေးမှာ ရှာဖွေကယ်ဆယ်ဖို့ စစ်တပ်ဆီက အကြီးစားစက်ပစ္စည်းကိရိယာတွေ  သုံးခွင့်ပေးရမယ်လို့လည်း စီမံချက်မှာပါတယ်။ အခု သုံး၊ မသုံး ဆိုတာကတော့ တနိုင်ငံလုံး မြင်နေတဲ့အတိုင်းပါပဲ။ ပြည်သူတွေက စစ်တပ်အန္တရာယ်ကိုပဲ ပိုပြီးစိုးရိမ်ကြောင့်ကြနေရလို့ သဘာဝဘေးကို တောင် သတိမမူနိုင်တော့တာဖြစ်ပါတယ်။ ဒါကလည်း အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။  ပြည်သူတွေရဲ့ သဘာဝဘေးအပေါ် သိမြင်သဘောပေါက်မှုနဲ့ ကြိုတင် ပြင်ဆင်မှုကို လုံးဝ မလုပ်နိုင်အောင် ဖြစ်စေခဲ့တဲ့ အကြောင်းရင်းက လက်ရှိစစ်တပ်ပဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်တပ်က အရပ်ဘက်လူမှုရေးအဖွဲ့အစည်းတွေအပေါ် တင်းကျပ်ကန့်သတ်တာကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးပြီး လူ့အသက်တွေဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အန်အယ်လ်ဒီလက်ထက်မှာ လူကယ်ပြန်ဝန်ကြီးဌာန၊ ဘေးစီမံဦးစီးဌာနအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေအဖြစ် နှစ်စဉ် သန်းပေါင်း ၂၀၀၀၀  (ဘီလီယံ ၂၀) နှစ်စဉ်ချထားပေးခဲ့တဲ့အပြင် နိုင်ငံတော်သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေ ၁၀၀ ဘီလီယံကနေလည်း ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ သုံးစွဲနိုင်ပါတယ်။

CDM အရာရှိက “လက်ရှိ စစ်တပ် အုပ်ချုပ်နေတဲ့ကာလမှာ နှစ်စဉ် ပေးအပ်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ကျပ် ၂၀ ဘီလီယံ၊ သမ္မတအရန် ရန်ပုံငွေ ၁၀၀ ဘီလီယံနဲ့ ကိုဗစ်ရန်ပုံငွေလက်ကျန် ၆၀၀ ဘီလီယံတို့က ဘယ်ရောက်ကုန်မှန်းမသိတော့သလို ဘေးဖြစ်ချိန်တွေမှာလည်း အဲဒီရန်ပုံငွေတွေကို သုံးစွဲဆောင်ရွက်တာမျိုး မရှိတော့ပါဘူး။ ဒီလိုရန်ပုံငွေတွေ ကြိုတင်သတ်မှတ်ဆောင်ရွက်တယ်ဆိုတာက ဘေးဖြစ်ချိန်မှာ အလျင်အမြန် ထောက်ပံ့မှုတွေလုပ်နိုင်ဖို့၊ လူ့အသက်ကို အမြန်ဆုံးကယ်ဆယ်နိုင်ဖို့ ဖြစ်ပါတယ်။ အဆင့်ဆင့် ဘတ်ဂျက်တင်တောင်းရတဲ့ လုပ်ငန်းစဉ်တွေကို ကျော်လွှားနိုင်ဖို့ လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါတွေကို နားမလည်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေကြောင့် လူ့အသက်တွေက မသေသင့်ဘဲ သေကြရတယ်။ ဘေးသင့်ပြည်သူတွေကလည်း အကူအညီမရဘဲ အကုန်ဒုက္ခရောက်ကြရတာပါ” လို့ ပြောပါတယ်။

အန်အယ်လ်ဒီလက်ထက် ၂၀၂၀ ကိုဗစ်ကာလမှာ ကိုဗစ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ နာလန်ထူနိုင်ဖို့နဲ့ ရောဂါထိန်းချုပ်ရေး ကုသရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ဖို့ အရန် ရန်ပုံငွေ (General Reserve Fund) ကျပ် ဘီလီယံ ၁,၀၀၀ ကျော်ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို လွှဲပြောင်းပေးခဲ့ပြီး စစ်ကောင်စီကတော့ အဲဒီထဲက ဘီလီယံ ၄၀၀ လောက်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လထဲမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကို ခွဲဝေပေးခဲ့ပါတယ်။

အခုတော့ စစ်ကိုင်းငလျင်ကြီးအတွက် နိုင်ငံတကာကအလှူငွေအမြောက်အမြားရနေချိန်မှာ အရေးပေါ်ရန်ပုံငွေ သတ်မှတ်သုံးစွဲဖို့ စစ်ကောင်စီက ပြောဆိုလာတာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013