Home
ဆောင်းပါး
မိစ္ဆာအတာကူး အပုပ်နံ့စူး ယတြာရူးတို့ သနပ်ခါးလူးချိန်
DVB
·
April 15, 2025

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကုန်ဆုံးခါနီး ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်မှာ ပြင်းထန်ကြမ်းတမ်းစွာ လှုပ်ခတ်သွားခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြီး တော်လည်းသံပေးပြီး ရိုက်ခတ်ခဲ့မှုနဲ့ နောက်ဆက်တွဲ ငလျင်တွေ၊ မိုးသက်မုန်တိုင်းတွေအောက်မှာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသား ပြည်သူလူထုဟာ သွေးအလူးလူး၊ မျက်ရည်အလိမ်းလိမ်းနဲ့ ကုန်ဆုံးသွားခဲ့ရပါတယ်။

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ ပြင်းထန်စွာ လှုပ်ခတ်ဖျက်ဆီးသွားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြီးကြောင့် ပြိုပျက်သွားတဲ့ အပျက်အစီးပုံတွေအောက်မှာ မထုတ်နိုင်သေးတဲ့ အလောင်းတွေ အမြောက်အမြား ကျန်သေးတဲ့ အခုချိန်ထိ မြန်မာပြည်သူ ၄,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသလို သောင်းချီ ဒဏ်ရာရခဲ့ပါတယ်။ ငလျင်ဘေးသင့်ပြည်သူ ၂ သိန်း၊ ငလျင်ဘေး အိုးအိမ်အဆောက်အအုံ ၅၀,၀၀၀ ကျော် ရှိလာပါပြီ။ သမိုင်းဝင်မွေအနှစ်တွေ၊ ဘုရားပုထိုးစေတီ လမ်းတံတား ဘာသာရေး အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အဲဒီလောက် ဒုက္ခသုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ မြန်မာပြည်သူတွေကို နှစ်သစ်ကူး သင်္ကြန်ကာလအတွင်းမှာလည်း မကောင်းဆိုးဝါး စစ်မိစ္ဆာအရိုင်းအစိုင်းတွေဟာ ဂျက်တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်မပျက်နေဆဲ၊ ယုတ်မာမိုက်ရိုင်းနေဆဲမို့ အတာကူးတဲ့ လတန်ခူးမှာ ဗုံးသံ၊ သေနတ်သံ၊ ငိုကြွေးအော်ဟစ် ညည်းညူသံတွေ တင်းကျမ်းနဲ့ မြန်မာနှစ်သစ် ၁၃၈၇ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာခဲ့ရပါတယ်။

ပြည်သူကိုကယ်တင်ဖို့ မသင်ကြားဘဲ ပြည်သူကို သတ်ဖို့သာ သင်ကြားထားတဲ့ စစ်မကောင်းဆိုးဝါး ဂိုဏ်းချုပ် မင်းအောင်လှိုင်ဟာ စစ်ကိုင်းငလျင်ကြီးကြောင့် သေကျေ ပိတ်မိနေကြတဲ့ ပြည်သူလူထုကို ရှာဖွေကယ်ဆယ်ရမယ့်အစား သူ့အာဏာတည်မြဲဖို့ ယတြာရူးပီပီ တောင်ကြီးမြို့က ရွှေဘုန်းပွင့်ဘုရား စိန်ဖူးတော်တင်တာတို့၊ ယတြာအရူး စစ်ဘီလူးတွေဟာ စစ်ကိုင်းငလျင်ဆိုတာ စစ်တပ်ကို ကိုင်းသွားစေတဲ့ ကွေးသွားစေတဲ့ ငလျင်လို့ အဓိပ္ပာယ်ကောက်ပုံရသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကို အလွန်ထိတ်လန့်ကြတဲ့ ဗိုလ်ချုပ်တွေဟာ စစ်ကိုင်း(စက) ငလျင်ကို ဒေါ်အောင်ဆန်းစုကြည် (စက) နဲ့ ဓာတ်တူနံတူ ဖြစ်နေလို့ မန္တလေးငလျင်လို့ ခေါ်ရမယ်ဆိုတဲ့ ရူးကြောင်ကြောင်အလုပ်တွေသာ လုပ်ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်ကနေ ၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်အထိ အကြမ်းဖက် စစ်ဓားပြဂိုဏ်းနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်းမှာ ၆,၄၉၉ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒါအပြင် မတရားအာဏာလုမှု ဖြစ်စဉ်နဲ့ ဆက်စပ်ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၀၃၀ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၂၂,၁၉၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၁၀,၇၆၉ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ဒါကြောင့် စစ်အာဏာရှင်ဘေးနဲ့ ငလျင်ဘေးကြောင့် ပြည်သူ‌တွေ သေကျေပျက်စီးရမှုကို နှိုင်းယှဉ်ကြည့်ရင် ထင်ထင်ရှားရှား တွေ့ရမှာက လူလုပ်ကပ်ဘေးဖြစ်တဲ့ စစ်အာဏာရှင် မကောင်းဆိုးဝါး ဘေးအန္တရာယ်က ပိုမိုဆိုးဝါးပြီး အန္တရာယ်ပြုနိုင်တဲ့အပြင် အနာဂတ်ဘဝတွေကိုပါ ဖျက်ဆီးနေတာမို့ နိုင်ငံသူနိုင်ငံသားတိုင်းက စစ်အာဏာရှင်စနစ်ဆိုးကို အပြီးဖျက်သိမ်းရာမှာ ပါဝင်တိုက်ပွဲဝင်ရမှာ သမိုင်းပေးတာဝန်တရပ် ဖြစ်လာခဲ့ပါပြီ။

အပုပ်နံ့ သွေးညှီနံ့တွေ ဂျွတ်စွဲလို့ လူသတ်လိုင်စင်ရ စစ်ဓားပြဂိုဏ်းဟာ ဧပြီ ၁၃ ရက် နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်၊ နေပြည်တော် လမ်းလျှောက်သင်္ကြန်မှာ ရေပက်ခံခြင်း၊ အလှပြကားတွေ လှည့်လည်ပြသတာကို ကြည့်ရှုခြင်း၊ ရေပက်ကစားခြင်းတွေ ပြုလုပ်ခဲ့ကြတဲ့အပြင် ဒုစစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် ဗိုလ်ချုပ်တွေ သူတို့ရဲ့ ပြည်သူ့သွေးလူး‌နေတဲ့ ပါးတွေမှာ သနပ်ခါးလူးခံခဲ့ကြပါတယ်။

အပုပ်နံ့ကို ဖျောက်ဖို့ သွေးညှီနံ့ကို ဖုံးဖို့ သနပ်ခါးလူးထားတဲ့ စစ်အာဏာရှင် အပုပ်ကောင်ကြီးကို ပွဲထုတ်ဖို့ ယိုးဒယားနိုင်ငံက ကျေးဇူးခံ ကျေးဇူးစားရှိသူ မျိုးတူနံတူ အကျင့်ပျက် နိုင်ငံရေးသမား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ဧပြီလ ၄ ရက်နေ့ ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ နည်းပညာနှင့် စီးပွားရေး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) ထိပ်သီးအစည်းအဝေးမှာ စစ်သတ္တဝါဆိုး မင်းအောင်လှိုင်ကို တွေ့ဆုံနိုင်ဖို့ သူ့သမီး ထိုင်းဝန်ကြီးချုပ်ကို တဖက်လှည့်နဲ့ ဖိတ်ကြား လူရာဝင်စေခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာပြည်သူအများစုကို ကိုယ်စားပြုတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ အပါအဝင် တရားဝင် ရွေးကောက်ခံရပြီး ပေါ်ထွန်းလာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုတောင် နာမည်အမှန်မပြောရဲဘဲ မင်းအောင်လှိုင်ကို ဆန့်ကျင်တိုက်ခိုက်နေသော တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ သက်ဆင်က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခါကြီးရက်ကြီးတွေ၊ ကောင်းမှုကုသိုလ်ပြုရမယ့် နှစ်သစ်ကူးအခါသမယတွေပါမချန် ပြည်သူလူထုကို လက်ရဲဇက်ရဲ သတ်ဖြတ်နေတဲ့ သွေးစွန်းလူသတ်ကောင်အရူး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဧပြီ ၁၇ ရက်နေ့ ကြာသပတေးနေ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံခေါင်းဆောင်တွေဟာ လာရောက် တွေ့ဆုံဖို့ရှိနေပြီး ဒီလိုတွေ့ဆုံမှုဟာ ငလျင်ဘေးနဲ့ပတ်သက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဓိကဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါက အကြောင်းပြ ပြောဆိုခဲ့ပါတယ်။

တကယ်တော့ ပြည်သူ့သွေး အထပ်ထပ်လူးနေတဲ့ မိစ္ဆာဘုရင်ရူး မင်းအောင်လှိုင်နဲ့ အခွင့်ထူးခံ ဖက်ဆစ်တပ်ဟာ နိုင်ငံတဝန်းလုံးမှာ ပြည်တွင်းစစ် မီးတောက်ကြီး အလျှံတညီးညီး တောက်လောင်စေတဲ့ အနိဋ္ဌာရုံတွေနဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ဖြစ်ပေါ်လာရတဲ့ အနိဋ္ဌာရုံတွေကို ပိုမိုဆိုးဝါးစေတဲ့ အဓိကတရားခံတွေသာ ဖြစ်တာမို့ သူတို့ရဲ့ သတ်ဖြတ်မှုတွေ မရပ်သေးဘဲ အဲဒီ သွေးညှီပုပ်ကောင်တွေနဲ့ တွေ့ဆုံသူတိုင်း၊ လက်ဆွဲနှုတ်ဆက်သူတိုင်း၊ ဝိုင်းရံကူညီသူတိုင်းဟာ အပုပ်နံ့ကူး၊ သွေးပေလူးကြရမှာ ဖြစ်ပါတယ်။

၁၃၈၇ ခုနှစ် သင်္ကြန်ကတော့ဖြင့် လူကောင်းသူကောင်းတွေ၊ အသိတရားရှိတဲ့ ပြည်သူတွေအတွက် စိတ်မချမ်းမြေ့စရာ သတင်းဆိုးတွေနဲ့ ရေသဘင်ပွဲ မဆင်နွှဲလိုတော့ဘဲ နှလုံးမသာယာစွာ ကုန်ဆုံးသွားတဲ့ အမင်္ဂလာသင်္ကြန်ပွဲတခု ဖြစ်သလို အသိဉာဏ်နိမ့်ပါးပြီး ကိုယ်ကျင့်သီလ ပျက်ယွင်းနေတဲ့ လူဆိုးလူမိုက် မိစ္ဆာရူးများသာ မြူးထူးပျော်ပါးတဲ့ အမင်္ဂလာသင်္ကြန်သာ ဖြစ်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကို ဆင်ယင်ကျင်းပကြရတဲ့ အဓိက ရည်မှန်းချက်က နှစ်ဟောင်းက အညစ်အကြေးတွေ၊ မကောင်းမှု အကုသိုလ်ကံ အဟောင်းတွေကို အတာရေနဲ့ ဆေးကြောဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ပြီးဆုံးတော့မယ့် နှစ်ဟောင်း တနှစ်လုံးအတွင်းမှာ ပြုခဲ့၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအကုသိုလ် အညစ်အကြေးတွေဆို ရေနဲ့ ဆေးကြောလို့ မပြောင်စင်နိုင်ပေမဲ့ အသိဉာဏ်နဲ့ ပိုင်းခြားပြီး မပြုသင့် မပြုအပ်တဲ့ အကုသိုလ် ကံဆိုးကံညစ်တွေကို နှစ်သစ်ကူးအခါသမယမှာ ဆင်ခြင်နောင်တရလို့ နောက်ထပ်မပြုဖြစ်အောင် ရည်မှန်းပြီး မိမိစိတ်ကို ကောင်းမွန်အောင် ပြုပြင်မယ်ဆိုတဲ့သဘောနဲ့ စိတ်ဓာတ်၊ အတွေးအခေါ် အကျင့်အကြံတွေကို ဆေးကြောရတဲ့ပွဲ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ နိုင်ငံကို စစ်ကျွန်ပြု ဖျက်ဆီးနေတဲ့ စစ်ဘီလူးသဘက်တွေဟာ နှစ်ဟောင်းက ပြစ်မှုအကုသိုလ် အညစ်အကြေးတွေကို မဆေးကြောတဲ့အပြင် အကုသိုလ်အသစ် ပြစ်မှုအသစ်တွေ ထပ်မံကျူးလွန်ရင်း ရုပ်ဆိုး အကျည်းတန်တဲ့ အမင်္ဂလာသင်္ကြန်ကို ဆင်ယင်ကျင်းပနေကြတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ရာစုနှစ်ဝက်ကျော် မြန်မာပြည်သူ တိုင်းရင်းသား ရဟန်းရှင်လူတွေရဲ့ သွေးအထပ်ထပ် လူးပေနေတာမို့ အပုပ်နံ့တထောင်းထောင်းထနေတဲ့ စစ်ဓားပြ အပုပ်ကောင်တွေကို သနပ်ခါးပဲလူးလူး၊ မိတ်ကပ်ပဲဖို့ဖို့  ဘယ်လိုပဲ ပွဲထုတ်ထုတ် အပုပ်ကောင်ဟာ အပုပ်ကောင်ပဲ ဖြစ်တာမို့ မင်္ဂလာမရှိတဲ့ ဒီနှစ်သင်္ကြန်ကို မိစ္ဆာအတာကူး အပုပ်နံ့စူးစူး ယတြာရူးတို့ သနပ်ခါးလူးချိန်လို့ပဲ အမည်ပေးလိုက်ချင်ပါတယ်။

သိတတ် နားလည်ကြတဲ့ မြန်မာပြည်သူတိုင်းအတွက်ကတော့ စစ်မကောင်းဆိုးဝါးဂိုဏ်းကို ဒီနိုင်ငံမှာ မရှင်းလင်းနိုင်သရွေ့ လောကီငရဲခန်းတွေ၊ ဆင်းရဲဒုက္ခအမျိုးမျိုး၊ ဘေးဆိုးအနိဋ္ဌာရုံအမျိုးမျိုးကို ထပ်ဖန်တလဲလဲ အမြဲတမ်း ကြုံတွေ့နေကြရမယ်ဆိုတာ သံသယမရှိကြတော့ပါဘူး။  ဒီစစ်သတ္တဝါဆိုးတွေကို အပြီးတိုင်ရှင်းလင်းနိုင်မှသာ လူတိုင်းရဲ့ဘဝ အေးချမ်း လုံခြုံနိုင်မယ်၊ တိုးတက်သာယာဝပြောနိုင်ကြမယ်ဆိုတာ မျိုးဆက်နဲ့ချီပြီး ခါးသီးတဲ့ ဘဝပေးအသိနဲ့ သိပြီးကြပြီမို့  စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ် တူးထုတ်ပစ်ဖို့ စိတ်တုံးတုံးချ ပိုင်းဖြတ်ပြီး ကိုယ်စီ နိုင်ရာဝန်ကို ထမ်းနေကြပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024