Home
နိုင်ငံတကာ
ထရမ့်ပ်ကို အီလွန်မတ်စ်ခ် တောင်းပန်၊ အသိအမှတ်ပြုဟု အိမ်ဖြူတော် ထုတ်ပြန်
DVB
·
June 12, 2025
Photo: Reuters

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က တောင်းပန်တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အသိအမှတ်ပြုတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလင်းလဲဗစ်က ဖြေကြားပါတယ်။

မတ်စ်ခ်ပိုင်တဲ့ ကုမ္ပဏီတွေရဲ့ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်တွေကို ပြန်စိစစ်နေတယ် ဆိုတာမျိုးလည်း သူသိသလောက်တော့ မရှိပါဘူးလို့ လဲဗစ်က အတည်ပြုပါတယ်။

ထရမ့်ပ်နဲ့ လူမှုကွန်ရက်ပေါ်က စကားလုံးတိုက်ပွဲမှာ သူတင်ခဲ့တဲ့ ပို့စ်တချို့ဟာ “အရမ်းလွန်သွားတဲ့အတွက်” နောင်တရမိတယ်လို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ အခွန်နဲ့ အသုံးစရိတ် ဥပဒေကြမ်းဟာ စက်ဆုပ်ရွံရှာစရာ ကောင်းတယ်လို့ မတ်စ်ခ်က ဝေဖန်ခဲ့အပြီးမှာ နှစ်ယောက်သား စကားလုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပြီး ခွာပြဲခဲ့ကြတာ ဖြစ်ပါတယ်။

ပြန်ပေါင်းထုပ်ဖို့ တံခါးဖွင့်ထားတဲ့ သဘောထားကို ထရမ့်ပ်က နယူးယောက်ပို့စ် သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့အပြီး မတ်စ်ခ်က ဒီပို့စ်ကို တင်ခဲ့တာဖြစ်ပါတယ်။

သမ္မတက “နည်းနည်းစိတ်ပျက်မိပေမဲ့”၊ “စိတ်ထဲသိပ်မထားဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

“သူလည်း ဒီလိုပြောမိလို့ တော်တော်စိတ်မကောင်းဖြစ်မယ်ထင်ပါတယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

အခွန်ကင်းလွတ်ခွင့်တွေ အကြီးအကျယ်ပေးထားပြီးတော့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားတဲ့၊ တခြားအသုံးစရိတ်တွေများတဲ့ ဘတ်ဂျက်နဲ့ အခွန်ဥပဒေကြမ်းကို အောက်လွှတ်တော်က ပြီးခဲ့တဲ့လက အတည်ပြုပေးခဲ့ပြီး လက်ရှိမှာတော့ အထက်လွှတ်တော်မှာ စိစစ်နေဆဲ ဖြစ်ပါတယ်။

မတ်စ်ခ်ကတော့ သူဦးဆောင်ခဲ့တဲ့ အစိုးရအကျိုးထိရောက်မှုဌာနက အစိုးရအသုံးစရိတ်တွေ လျှော့ချဖို့၊ အစိုးရလိုငွေပြမှုကို လျှော့ချဖို့ ကြိုးပမ်းခဲ့ပြီးမှာ အခု ဒီဥပဒေကြီး ထွက်လာတာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေကို မပြဋ္ဌာန်းနိုင်ရေး ကန့်ကွက်ကြဖို့ အမတ်တွေကို မတ်စ်ခ်က ဆော်ဩခဲ့သလို ဒီဥပဒေကြောင့် ဒုတိယနှစ်ဝက်မှာ စီးပွားကျမယ်လို့ သတိပေးခဲ့ပါတယ်။

အဲဒီနောက် နာမည်ကျော် လိင်ပိုင်းဆိုင်ရာအလွဲလုပ်မှုတွေကြောင့် ထင်ရှားတဲ့ ဂျက်ဖရီ အက်ပ်စတိန်း အမှုတွဲနဲ့ ပတ်သက်တဲ့ မထုတ်ပြန်တဲ့ အစိုးရဖိုင်တွေထဲမှာ ထရမ့်ပ်လည်း ပါနေတယ်လို့ မတ်စ်ခ်က စွပ်စွဲခဲ့ပါတယ်။

ထရမ့်ပ်က မတ်စ်ခ် စိတ်လွတ်သွားပြီလို့ တုံ့ပြန်ခဲ့ပြီး ဒေါ်လာ ၃၈ ဘီလီယံလောက် တန်တဲ့ မတ်စ်ခ်နဲ့ အစိုးရရဲ့ ကန်ထရိုက်စာချုပ်တွေ ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

မတ်စ်ခ်ဟာ ထရမ့်ပ်ကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချဖို့ အပါအဝင် သူ့ပို့စ်အများအပြားကို ပြန်ဖျက်သွားခဲ့ပါတယ်။

မတ်စ်ခ်ဟာ ထရမ့်ပ်ရဲ့ ၂၀၂၄ မဲဆွယ်ကာလမှာ အကြီးဆုံးအလှူရှင်ဖြစ်သလို သမ္မတဖြစ်လာအပြီးမှာလည်း အဓိက ညာလက်ရုံးအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013