Home
နိုင်ငံတကာ
ရှီကျင့်ဖျင်နှင့် ဖုန်းပြောအပြီး တရုတ်နိုင်ငံ သွားမည်ဟု ထရမ့်ပ် ပြော
DVB
·
June 6, 2025
Photo: Reuters

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောဆိုမှုအပြီး တရုတ်နိုင်ငံကို အလည်အပတ် သွားရောက်မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

တရုတ်သမ္မတကို အိမ်ဖြူတော် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်မှု အပါအဝင် ကောင်းမွန်တဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ထရမ့်ပ်က ပြန်ပြောပြခဲ့ပေမဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဘယ်တော့ဖြစ်လာမလဲ ဆိုတာတော့ သူက အတည်မပြုခဲ့ပါဘူး။

အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ဟာ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ ကုန်သွယ်ရေးစစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုလည်း ဖြစ်ပါတယ်။

ဒီဖုန်းခေါ်ဆိုမှုဟာ အိမ်ဖြူတော်ရဲ့ တောင်းဆိုချက်အရ ၂ နိုင်ငံခေါင်းဆောင်တွေ ဖုန်းပြောဖြစ်ခဲ့တာလို့ တရုတ်မီဒီယာက ဖော်ပြပါတယ်။

ဆိုရှယ်မီဒီယာမှာ ထရမ့်ပ်က ဖုန်းပြောမှု ၁ နာရီခွဲကြာမြင့်ခဲ့ပြီး ကုန်သွယ်ရေးကို အဓိကထားပြီး ဆွေးနွေးဖြစ်တဲ့အကြောင်း၊ ရလဒ်အနေနဲ့ ၂ နိုင်ငံစလုံးအတွက် ကောင်းမွန်တဲ့ အဆုံးသတ်မှုတွေ ရခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

“ရှီက ကျနော့်ကို တရုတ်နိုင်ငံလာဖို့ ဖိတ်ပါတယ်။ ကျနော်ကလည်း သူ့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျနော်တို့ ၂ ယောက်စလုံး ဖိတ်ခေါ်ချက်တွေကို လက်ခံခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော်ဟာ ဇနီးနဲ့အတူ တရုတ်ကို သွားမှာဖြစ်သလို ရှီလည်း အမေရိကန်ကို လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ထရမ့်ပ်က ဂျာမနီအဓိပတိ မားဇ်နဲ့ ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့အတွက် မှန်ကန်တဲ့ရွေးချယ်မှု တခုတည်းက ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့ အနုတ်လက္ခဏာဆောင်တဲ့ ဆောင်ရွက်ချက်တွေကို ရုပ်သိမ်းဖို့ ရှီက ထရမ့်ပ်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

တရုတ်နဲ့ အမေရိကန် ကုန်သွယ်မှုစစ်ပွဲဟာ ၂၀၂၅ မှာ တဖြည်းဖြည်း အရှိန်မြင့်ခဲ့ပြီး အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေကို ၁၄၅ ရာခိုင်နှုန်း အခွန်တိုးကောက်ဖို့ သတ်မှတ်ခဲ့ပါတယ်။ တရုတ်ကလည်း အမေရိကန်တင်ပို့ကုန်တွေကို ၁၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ သတ်မှတ်ခဲ့ပါတယ်။

ဒီလို အပြန်အလှန် အခွန်တိုးမြှင့်မှုတွေကြောင့် ကမ္ဘာ့ကုန်သွယ်မှုမှာ ၀ ဒသမ ၂ ရာခိုင်နှုန်း ဆုံးရှုံးမှုတွေ ရှိတယ်လို့ လေ့လာသူတွေက ဖော်ပြပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ နောက်ဆုံးသဘောတူညီချက်က တချို့အခွန်တိုးကောက်မှုတွေကို ပယ်ဖျက်ပြီး တချို့ကုန်ပစ္စည်း အခွန်တိုးကောက်မှုတွေကို ရက် ၉၀ ဆိုင်းငံ့ထားဖို့ သဘောတူထားပါတယ်။

ဒါပေမဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား ဆက်ဆံရေးက တင်းမာနေဆဲ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013