Home
ဆောင်းပါး
ကျောက်ဖြူဆိပ်ကမ်းကို ကာကွယ်ရန် တရုတ်တပ်က စစ်ကောင်စီတပ်နှင့်ပူးပေါင်း
DVB
·
June 11, 2025

လက်ရှိ ဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်းစစ်မှာ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်စွက်ဖက်လာတာဟာ ပထမဆုံးအကြိမ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနားက မဒေးကျွန်းမှာရှိတဲ့ ရေနံချက်စက်ရုံကို ကာကွယ်ဖို့ မြန်မာစစ်ကောင်စီစစ်တပ်နဲ့ ပူးပေါင်းလာနေကြပါတယ်။ ဒီရေနံချက်စက်ရုံကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ တရုတ်လုံခြုံရေးတပ်တွေဟာ အာရက္ခတပ်တော်နဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဝင်နေသလား ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။ ရခိုင်ဒေသခံတွေရဲ့ ပြောကြားချက်အရ အဆိုပါ တရုတ်ဝန်ထမ်းတွေဟာ မြန်မာစစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေမှာ ကူညီနေတယ်လို့ သိရပါတယ်။ ဒီသတင်းသာမှန်ရင် တရုတ်လုံခြုံရေးအဖွဲ့မှာ သာမန် ခြေလျင်တပ်သားတွေချည်း မဟုတ်ဘဲ အဆင့်မြင့် တိုက်ခိုက်ရေးနည်းပညာမှာ အထူးကျွမ်းကျင်သူတွေလည်း ပါဝင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ဥပဒေ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) လို့ခေါ်တဲ့ စစ်ကောင်စီရဲ့ တပ်ဟာ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေအရ တရုတ်နိုင်ငံက လက်နက်ကိုင်လုံခြုံရေးဝန်ထမ်းတွေဟ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ခွင့် ရရှိခဲ့ကြတာပါ။ ဒီလုံခြုံရေးဝန်ထမ်းအများစုဟာ လေ့ကျင့်ပြီးသား စစ်သားဟောင်းတွေဖြစ်တယ်လို့ ယူဆရပေမဲ့ ဒီအချက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အာရက္ခတပ်တော်ဟာ စစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်ကို သိမ်းယူထားနိုင်ခဲ့ပါတယ်။ အဲဒီ‌နောက် သိပ်မကြာတဲ့ ဖေဖော်ဝါရီလအတွင်း တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားကို ကျောက်ဖြူမှာ စေလွှတ် ချထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က ပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် အာရက္ခတပ်တော်ဟာ လူသားချင်းစာနာမှုအရ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ ထိုးစစ်ဆင်တာကို ရပ်တန့်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး ထပ်တိုးကြောင်း ကြေညာခဲ့ပေမဲ့ မေလနှောင်းပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။
AA ဘက်က သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျောက်ဖြူကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြပြီ ဖြစ်ပါတယ်။ ကျောက်ဖြူမှာ တရုတ်ဟာ ပင်လယ်ရေနက်ဆိပ်ကမ်းအပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးလည်း တည်ဆောက်ထားပါတယ်။ ဒီပိုက်လိုင်းဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ တစိတ်တပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ ရောက်ပါတယ်။
အခုဆိုရင် ကျောက်ဖြူမြို့ တောင်ဘက် ၅ ကီလိုမီတာအကွာ၊ ကျောက်ဖြူ-ရမ်းဗြဲလမ်းပေါ်က ကျေးရွာတရွာမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ AA တပ်ဖွဲ့ဝင်တွေဟာ အဲဒီရွာနားက ရဲတပ်ရင်းဌာနချုပ်ကို သိမ်းယူခဲ့သလို မြန်မာစစ်တပ်ရဲ့ ဗိုလ်မှူးချုပ်တဦးလည်း AA ရဲ့ စနိုက်ပါလက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန် (KPSEZ) မှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပြုလုပ်ထားပါတယ်။ ဒါက တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ တရုတ်ဟာ ရေနက်ဆိပ်ကမ်း၊ ရေနံတင်သင်္ဘောဆိပ်ကမ်းနဲ့ ဓာတ်အားပေးစက်ရုံတွေ အပါအဝင် အခြေခံအဆောက်အအုံတွေကို အဓိက တည်ဆောက်နေတာပါ။
မြန်မာနိုင်ငံက Supreme Group နဲ့ တရုတ်နိုင်ငံက Power China Enterprise တို့ဟာ ၁၃၅ မဂ္ဂါဝပ်ထုတ် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတခုကို ပူးပေါင်းတည်ဆောက်နေပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ စက်မှုပန်းခြံနဲ့ အဆင့်မြင့်အိမ်ရာတွေလည်း ပါဝင်ဖို့ စီစဉ်ထားပါတယ်။ စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရဟာ ကြွေးမြီပြန်ဆပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် တရုတ်ဟာ အဆိုပါစီမံကိန်းအတွက် ကနဦး ဒေါ်လာ ၇  ဒသမ ၂ ဘီလီယံကနေ ၁ ဒသမ ၇ ဘီလီယံအထိ လျှော့ချခဲ့ပါတယ်။

ဗိုလ်မှူးချုပ်တဦး သတ်ဖြတ်ခံရခြင်း
ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၂၆ ရက်) က ဗိုလ်မှူးချုပ်ကျော်မျိုးအောင်ဟာ သူ့ရဲ့ လုံခြုံရေးအစောင့်တပ်က ဗိုလ်ကြီးတဦးနဲ့အတူ တိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။
ဒီသေဆုံးမှုကို သူ့မိသားစုကလည်း အွန်လိုင်းမှာ နာရေးဖိတ်စာ ထုတ်ပြန်ပြီး အတည်ပြုခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ကျော်မျိုးအောင်ရဲ့ ရုပ်အလောင်းကို အင်္ဂါနေ့က အထူးလေယာဉ်နဲ့ ရန်ကုန်ကို သယ်လာပြီး ကြာသပတေးနေ့မှာ မင်္ဂလာဒုံစစ်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ဒီသီတင်းပတ်အတွင်းမှာ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ စစ်ကောင်စီက AA သိမ်းပိုက်ထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာနဲ့အမျှ တိုက်ပွဲ အခြေနေတွေဟာ ပြင်းထန်လာခဲ့တာပါ။ မြန်မာ့ရေတပ်သင်္ဘောတွေကလည်း ဆိပ်ကမ်းအနီး၊ ကျောက်ဖြူနားက AA ရှိမယ့်နေရာတွေကို ပစ်ခတ်နေပါတယ်။ ဒါပေမဲ့ ရခိုင်ဒေသခံတွေရဲ့ ပြောကြားချက်အရ တိုက်ပွဲတွေ မြို့အနီးနားကို ပိုရောက်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ကျောက်ဖြူကနေ ထွက်ခွာနေကြပြီလို့ ဆိုပါတယ်။ AA လက်ထဲ မြို့ ကျမသွားဖို့ တိုက်ခိုက်နေရပေမဲ့ စစ်‌ကောင်စီတပ်ဟာ တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ စိတ်ဓာတ်ပျက်ပြားလာနေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းရော ရေကြောင်းကနေပါ စစ်အင်အားဖြည့်တင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး
အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တဖွဲ့ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး မြို့တွေ တမြို့ပြီးတမြို့ တိုက်ခိုက်သိမ်းပိုက်လာခဲ့တာ အခုဆိုရင် AA ဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
ဒီလက်နက်ကိုင်အဖွဲ့ဟာ အိန္ဒိယရဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းရှိရာ အချက်အချာကျတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ဆက်လက်တိုက်ခိုက်ဖို့အထိ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ စစ်တွေမြို့ကို ဦးတည်တဲ့ လမ်းအချို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်ပေမဲ့ စစ်တွေမြို့ကို အလုံးအရင်းနဲ့ တိုက်ခိုက်ခြင်းတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ AA ဟာ ရခိုင်ရိုးမကိုဖြတ်ပြီး မြန်မာပြည်မဖြစ်တဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေအထိ သူတို့ရဲ့ စစ်ဆင်ရေးတွေကို ချဲ့ထွင်လာခဲ့ပါတယ်။
ရခိုင်ပြည်နယ်က သတင်းရင်းမြစ်တွေရဲ့ အဆိုအရ AA ဟာ စစ်တွေနဲ့ ကျောက်ဖြူ နှစ်နေရာစလုံးကို တပြိုင်တည်း တိုက်ခိုက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေကို စစ်ကောင်စီတပ်က အခိုင်အမာနဲ့ တပ်စွဲထားသလို စစ်ကောင်စီရေတပ် ထိန်းချုပ်ထားတဲ့ ပင်လယ်ရေလမ်းကြောင်းကနေလည်း စစ်ကောင်စီတပ်ကို ထောက်ပံ့မှု ပေးနိုင်နေတာကြောင့် ဖြစ်ပါတယ်။

ကျောက်ဖြူသာ ကျသွားခဲ့ရင်
အကယ်၍ AAဟာ တရုတ်အထူးစီးပွားရေးဇုန် (SEZ) အပါအဝင် ကျောက်ဖြူကို သိမ်းပိုက်နိုင်ခဲ့ရင် ရှုပ်ထွေးတဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိပါတယ်။ တိုက်ပွဲတွေမှာ တရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံးသွားခဲ့ရင် AA ဟာ တရုတ်အစိုးရရဲ့ အမျက်ဒေါသကို ရင်ဆိုင်ရပါလိမ့်မယ်။ AA တပ်ဖွဲ့ဝင်တွေက တရုတ်လုံခြုံ‌ရေးတပ်ဖွဲ့တွေကို တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ရင် တရုတ်အစိုးရရဲ့ “ချက်ချင်းပြန်လွှတ်ပေးပါ” ဆိုတဲ့ ဖိအားကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ AA ခေါင်းဆောင်တွေအတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဖမ်းဆီးရမိတဲ့ တရုတ်တပ်ဖွဲ့ဝင်တွေကိုလည်း စစ်သုံ့ပန်းပီပီ စစ်ကောင်စီတပ် အကျဉ်းသားတွေနည်းတူ ဆက်ဆံကြရမယ့် အတွက်‌ကြောင့်ပါပဲ။
မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူပြီးတဲ့နောက် MNDAA အဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်ထောက်လှမ်းရေးအဖွဲ့တွေက ပြန်ပေးဆွဲတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်ဟာ ဒီလိုနည်းနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်ခဲ့ပါတယ်။   MNDAA ဘက်က အပစ်အခတ်ရပ်စဲရေးနဲ့ လားရှိုးကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ဖို့ သဘောတူပြီးမှသာ ဖုန်တာရွှင်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကိုလည်း သူတို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သီပေါနဲ့ ကျောက်မဲမြို့ နှစ်မြို့ကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။ စစ်‌ကောင်စီကတော့ ပတ္တမြားမြို့ဖြစ်တဲ့ မိုးကုတ် အပါအဝင် TNLA သိမ်းပိုက်ထားတဲ့ မြို့ငါးမြို့ကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုနေတာပါ။
တရုတ်အစိုးရဟာ တရုတ်နယ်စပ်၊ ယူနန်ပြည်နယ်အနီးမှာ လှုပ်ရှားနေတဲ့ ကိုးကန့်အဖွဲ့ MNDAA လောက် AA အပေါ် သြဇာလွှမ်းမိုးမှု မရှိနိုင်ပါဘူး။ ဒါပေမဲ့ AA က တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးကို ရခိုင်ဒေသခံ စီးပွားရေးအတွက် အကျိုးရှိမယ်ဆိုရင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ” ကို ကြိုဆိုလက်ခံကြောင်း အချက်ပြထားပြီးသား ဖြစ်ပါတယ်။
AA ဟာ ပဋိပက္ခဒဏ်ခံနေရတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်တွေ မဖြစ်ပွားအောင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေဆီက အစားအစာနဲ့ ဆေးဝါးအများအပြား ရရှိဖို့ စိတ်ထက်သန်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကလည်း ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံဖွင့်လှစ်ဖို့ ငြင်းဆန်နေတာကြောင့် AA ဟာ ပြည်နယ်ရဲ့ အဓိကဆိပ်ကမ်းနှစ်ခုစလုံး မဟုတ်ရင်တောင် အနည်းဆုံး တခုကို ထိန်းချုပ်ဖို့ လိုအပ်နေပါတယ်။ ဒီအပေါ် တရုတ်နိုင်ငံက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တရုတ်နိုင်ငံဟာ ၁၉၇၉ ခုနှစ်က ဗီယက်နမ်ကို စစ်ရေးအရ ကျူးကျော်ခဲ့ဖူးသလို အိန္ဒိယနဲ့ ၁၉၆၂ တုန်းက တကြိမ်၊ ဆိုဗီယက်ယူနီယံနဲ့ ၁၉၆၉ တုန်းကတကြိမ် နယ်စပ်ရေးရာ ထိတွေ့တိုက်ပွဲမျိုးတွေ ဖြစ်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ အခု မြန်မာ့အရေးလိုမျိုး အိမ်နီးချင်းနိုင်ငံတခုရဲ့ ပြည်တွင်းစစ်မှာ တိုက်ရိုက်ပါဝင်ပတ်သက်တာကတော့ ပထမဆုံးအကြိမ် ဖြစ်ပုံရပါတယ်။

ဆူဘီယာ ဘော်မစ်

Ref: Eurasia Review

( Eurasia Review ဝက်ဆိုက်မှာ သတင်းစာဆရာ Subir Bhaumik ရေးသားထားတဲ့ “Chinese Security Guards Join Burmese Army To Defend Kyaukphyu Port” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ ဆူဘီယာဘော်မစ်သည် ဘီဘီစီနှင့် ရိုက်တာ သတင်းထောက် ဟောင်းဖြစ်ပြီး တောင်အာရှဒေသရှိ ပဋိပက္ခများနှင့် ပတ်သက်သော စာအုပ်များလည်း ရေးသားခဲ့သူ ဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024