
စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ဒကစ ကနေ ချင်းတောင်ဘက်ကို တက်လာတဲ့ စစ်ကြောင်းကြောင့် ကလေး-သိုင်းငင်း-တီးတိန်လမ်းကို ပိတ်ထားရာကနေ တီးတိန်မြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တီးတိန်မြို့နေ အမျိုးသားတယောက်က “ကုန်ဈေးနှုန်းက အားလုံးတက်တယ်။ ဆန်တအိတ်က အရင် ၁၃၀,၀၀၀ လောက်ကနေ အခု ၁၈၀,၀၀၀ ကျော် ၂၀၀,၀၀၀ လောက်ပေါ့။ ပြီးတော့ ပစ္စည်းတွေလည်း နည်းတယ်။ သိုင်းငင်းလမ်းက ပိတ်ထားပြီး အခုသွားရတဲ့ ရှောင်လမ်းက တော်တော်ကြမ်းတယ်ဆိုတော့။ တော်တော်ကျပ်တည်းနေကြတယ်” လို့ ပြောပါတယ်။
ကြက်ဥတလုံးကို အရင်က ကျပ် ၄၀၀၊ ၅၀၀ ကနေ ဇွန် ၁၀ ရက် ဈေးနှုန်းက ငွေကျပ် ၇၀၀ ကနေ ၈၀၀ ဝန်းကျင်အထိ ရှိလာပြီလို့ ဆိုပါတယ်။
ကုန်ကားတွေ မဝင်တော့တာကြောင့် တောလမ်းကနေပတ်ပြီး ကားငယ်တွေ၊ ဆိုင်ကယ်တွေနဲ့ သယ်ရတာဖြစ်လို့ အခြေခံစားသောက်ကုန်တွေသာမက ကုန်ပစ္စည်းမျိုးစုံ ဈေးတက်နေတာ ၃ ပတ်လောက်ရှိပြီလို့ ဆိုပါတယ်။
ဒါကြောင့် မြို့ခံတွေ စားဝတ်နေရေး ကျပ်တည်းလာကြပြီး ဒီအတိုင်း လမ်းဆက်ပိတ်နေမယ်ဆိုရင် လာမယ့်ရက်တွေထဲ ကုန်ပစ္စည်းပြတ်လပ်လာနိုင်တာကြောင့် လမ်းပြန်ပွင့်စေချင်ပြီလို့ ပြောပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ မွှာလ်ပီးရွာထဲမှာ နေရာယူထားပြီး သိုင်းငင်းလမ်းဆုံဘက်ကို စစ်ကြောင်းဆက်ထိုးနေတာကြောင့် ချင်းကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေပါတယ်။
တိုက်ပွဲတွေကြောင့် ကလေး-သိုင်းငင်းလမ်းပေါ်မှာရှိတဲ့ ရွာတွေက ဒေသခံ ၁,၀၀၀ ဝန်းကျင်လောက် တိမ်းရှောင်နေရပြီး စစ်ရှောင်တွေအတွက်လည်း ရိက္ခာတွေ လိုအပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။