
စစ်ကောင်စီ လေတပ်က တိုက်လေယာဉ် တစီးပစ်ချခံခဲ့ရတဲ့ ပုလဲမြို့နယ်၊ စပါးစေ့ရွာက ပြည်သူတွေ အပါအဝင် အနီးဝန်းကျင် ကျေးရွာက ပြည်သူတွေ ဇွန် ၁၀ ရက် မွန်းလွဲပိုင်းကစတင်ပြီး ကျေးရွာအတွင်းမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
အခုလို နေရပ်စွန့်ခွာ ထွက်ပြေးရတာဟာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံလာရောက်ပြီး ဗုံးကြဲချမှာကို ကြောက်ရွံ့လို့ ထွက်ပြေးနေကြရတာလို့ စပါးစေ့ရွာသားတယောက်က ပြောပါတယ်။
“သူတို့ လေယာဉ်ပျက်ကျတာဆို နောက်ထပ် လေယာဉ်နဲ့ လာပစ်နိုင်သေးတယ်။ သူတို့ဘက်က စစ်ရှုံးရင် စစ်တပ်က (--)စိတ်ပေါက်ပြီး အရပ်သားလား၊ PDF လား မခွဲခြားဘဲ အကုန်လုပ်တာ။ အဲဒါဆိုတော့ ကျနော်တို့ ကြောက်ပြီး ရွာထဲကနေ လွတ်ရာကို ထွက်ပြေးနေရတာ။”
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့် စခန်းသိမ်းတိုက်ပွဲအတွင်း စပါးစေ့ရွာအနီးမှာ ဇွန် ၁၀ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်တိုက်လေယာဉ် တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်နီနီကျော်က DVB ကို ပြောပါတယ်။
စစ်ကောင်စီပြန်ကြားရေးကတော့ တိုက်ခိုက်ရေးလေယာဉ် (ဂျက်ဖိုက်တာ) တစင်း ဇွန် ၁၀ ရက်က လေ့ကျင့်ပျံသန်းနေတုန်း စက်ချို့ယွင်းပြီး ပျက်ကျမီးလောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စပါးစေ့ရွာ အပါအဝင် တောင်ရွာသစ်ရွာ၊ လက်ပုကန်ရွာ၊ သရက်ရွာ၊ သာစည်ရွာ၊ မဲဇရပ်ရွာ၊ ကြောင်ဝင်ဒူးရွာ၊ ကိုးပင်ရွာနဲ့ အောင်ချမ်းသာကျေးရွာက ပြည်သူအများစု ဖြစ်တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “ရွာသားတွေကတော့ ကြောက်လန့်ပြီး ထွက်ပြေးနေကြတာ ဟုတ်တယ်ဗျ။ ပြေးကြမှာပဲလေ။ သတင်းတွေထဲမှာလည်း ရွာအမည်က ပါနေတာဆိုတော့ ကြောက်ကြမှာပဲ။ စစ်တပ်က သိတဲ့အတိုင်းပဲ မည်းမည်းမြင်ရာ ပစ်ခတ်ကြတာ ဆိုတော့။ လေယာဥ်ပျက်ကျပြီး သိပ်မကြာဘူး၊ Y12 လေယာဉ်တစင်း ဆားလင်းကြီးဘက်က တက်လာပြီး နေ့ခင်း ၁၂ နာရီကျော်ကျော်မှာ အင်းမထီး ပျူရွာအနီး လေကြောင်းတိုက်သွားတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာမှာ ဇွန် ၂ ရက် မနက်ခင်းက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ပြီး အဆိုပါ ကန့်ဒေါင့်ရွာအနီး ကျေးရွာတွေက ပြည်သူတွေလည်း စစ်ဘေးရှောင်နေကြရပါတယ်။