Home
အထွေထွေ
အင်္ဂပူတွင် စစ်တပ်က ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူနေ
DVB
·
June 6, 2025
Photo :TU

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့မှာ ဈေးဝယ်ပြန်လာတဲ့ အရပ်သားတွေရဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီတပ်က လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ဇွန် ၅ ရက် ညနေပိုင်းက အင်္ဂပူမြို့နယ်ထဲက ‌ကွင်းကောက်တောင် နန္ဒာလဘုရား တောင်ခြေမှာ စောင့်နေပြီး အရပ်သားတွေဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို လုယက်ယူဆောင်ခဲ့တာလို့ ဆိုပါတယ်။

ကွင်းကောက်ဒေသခံတယောက်က “စကစ တပ်သားတွေက သူခိုး ဓားပြထက် ဆိုးပါတယ်။ သူတို့လိုချင်တာကို အကုန်ယူတာ။ မလိုချင်တာဘဲ အိမ်ယူခွင့်ရတာ။ မပေးရင် ပစ်သတ်လို့ရတယ်လို့ ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။

ကုန်ပစ္စည်းတွေ လုယက်ယူဆောင်တဲ့ စစ်ကောင်စီတပ်သားတွေက မြို့ပေါ်ကနေ လုံခြုံရေး စစ်ဆေးတဲ့ တပ်သားတွေမဟုတ်ဘဲ စစ်တန်းလျားမှာ ရောက်နေရင်း ရိက္ခာပြတ်လပ်တာကြောင့် လမ်းဆုံ၊ လမ်းခွမှာ စောင့်ဆိုင်းလုယက်တဲ့ပုံစံလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အရပ်သားတွေ ထင်မြင်ပြောဆိုချက်က ဖြစ်တော့ ဖြစ်နိုင်တယ်။ ရိက္ခာပြတ်လပ်နေပြီး တိုက်ပွဲတွေ အင်္ဂပူ ကွင်းကောက်ဘက်မှာ ရှိနေတယ်” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေက အရပ်သားတွေ ဝယ်ယူလာတဲ့ ဆန်၊ ဆား၊ အချိုမှုန့်၊ ဆီ၊ ငရုတ်သီး၊ ခေါက်ဆွဲခြောက်ထုပ် စတဲ့ စားသောက်ကုန်ပစ္စည်းတွေကို လုယက် ယူဆောင်သွားတာလို့ ဆိုပါတယ်။

လတ်တလောအနေနဲ့ အင်္ဂပူမြို့နယ်ထဲက ကျေးရွာတချို့ မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ စတင်တိုက်ခိုက်လာရင် ပြန်လည်ခုခံ တုံ့ပြန်သွားမယ် ဆိုပြီး ဇွန် ၁ ရက်ကနေ လကုန်အထိ ယာယီအပစ်ရပ်ကြောင်းကို မေ ၃၁ ရက် ညပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV ကတဆင့် ကြေညာခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013