Home
မြန်မာသတင်း
တောင်သာတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ PDF က လမ်းအသုံးပြုချိန် ကန့်သတ်
DVB
·
June 5, 2025
Photo: တောင်သာ ပကဖ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ရေးအခြေအနေလည်း တင်းမာနေပြီး စစ်တပ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တောင်သာမြို့နယ်က တိုက်ပွဲတွေအတွင်း ပါဝင်နေတဲ့ PDF ရဲဘော်တယောက်က “တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေ ရှိသလို နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ နေရာတွေလည်း ရှိတယ်။ စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေက ဆက်တိုက်ပဲ။ ကျန်တဲ့ စစ်ရေးအခြေအနေကတော့ ပြောလို့မရသေးဘူးဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန် ၄ ရက် မနက် ၅ နာရီဝန်းကျင်က တောင်သာမြို့နယ်ထဲက ထောက်ရှာကျင်းကျေးရွာ၊ နဘူးကျင်းကျေးရွာနဲ့ မကျီးချိုကျေးရွာတွေအနီးကို မိတ္ထီလာလေတပ်ဘက်က တက်လာတဲ့ စက်တပ်လေထီး (Paramotor) ၅ စီးနဲ့ ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်သွားပေမဲ့ ထိခိုက်မှုတစုံတရာ မရှိခဲ့ပါဘူး။

ဇွန် ၃ ရက် မနက်စောပိုင်းမှာလည်း စစ်တပ်ရဲ့ စက်တပ်လေထီး ၃ စီးဟာ သံဘိုကျေးရွာနဲ့ ရုံးစည်ကြီးကျေးရွာတွေဘက်က ကားလမ်းတလျှောက်ကို ဗုံးသီး ၁၇ လုံးထက်မနည်း ကြဲချခဲ့သေးလို့ တောင်သာ-မလှိုင် ကားလမ်းပေါ်က 33 KV မီးကြိုးပြတ်ကျခဲ့ပြီး ဇွန် ၄ ရက် နေ့လယ်ပိုင်းအထိ မလှိုင်မြို့နဲ့ ရုံးစည်ကြီးကျေးရွာတွေမှာ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့လည်း ဆိုပါတယ်။

တောင်သာမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးအခြေအနေ တင်းမာနေတဲ့ အတွက်ကြောင့်လည်း ပြည်သူတွေအနေနဲ့ တောင်သာမြို့နယ်နဲ့ မြို့နယ်ချင်းဆက် လမ်းပိုင်းတွေကို သတ်မှတ်ချိန်အတွင်းမှာသာ အသုံးပြုကြဖို့ တောင်သာမြို့နယ် ပကဖ က ဇွန် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တောင်သာမြို့နယ် ပကဖ တာဝန်ခံ ကိုကြည်စတားက “လမ်းပိုင်းတွေကို အသုံးပြုမှုအချိန် သတ်မှတ်ပိတ်ပင်ရတယ်ဆိုတာ စစ်တပ်ဘက်က အဲဒီလမ်းတွေကနေ တောင်သာမြို့နယ်ထဲကို ရိက္ခာနဲ့ အင်အားတွေ ပို့ဆောင်တာတွေရှိနေလို့ တားဆီးချင်တာရယ်၊ တကယ်လို့ တိုက်ပွဲတွေဖြစ်လာရင်လည်း ခရီးသွားပြည်သူတွေ အန္တရာယ်ကင်းနိုင်ဖို့အတွက်ပါ” လို့ DVB ကို ပြောပါတယ်။

တောင်သာ-မြင်းခြံ လမ်းပိုင်း၊ တောင်သာ-ဝဲလောင်-ကျောက်ပန်းတောင်း လမ်းပိုင်း၊ တောင်သာ-မလှိုင် လမ်းပိုင်း၊ တောင်သာ-ရုံးစည်ကြီး-မလှိုင် လမ်းပိုင်း၊ တောင်သာ-နွားထိုးကြီး လမ်းပိုင်းတွေနဲ့ တောင်သာမြို့နယ်အတွင်းက ကျေးရွာချင်းဆက်လမ်းပိုင်းတွေကို ဇွန် ၂ ရက်ကစပြီး ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း လုံးဝသွားမလာကြဖို့ သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ အရေးပေါ် ကျန်းမာရေးအခြေအနေအရ ကန့်သတ်အချိန်အတွင်း သွားလာခဲ့ရရင်လည်း နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီမှာ ကြိုတင်အကြောင်းကြားရမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၅ ရက်က စတင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေရဲ့ 9/A Nyar Myae Operation စစ်ဆင်ရေးတရပ်အဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တွေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013