Home
မြန်မာသတင်း
နွားထိုးကြီးတိုက်ပွဲတွင် စစ်သား ၄ ဦးထက်မနည်း သေဆုံး၊ တပ်သားသစ် ၈ ဦး ကယ်ထုတ်
DVB
·
June 6, 2025
Photo: Soe Aung နှင့် Natogyi PDF

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသူတွေ ရှိသလို စစ်ကောင်စီတပ်ရဲ့ စနိုက်ပါတပ်သား တယောက် အပါအဝင် ၂ ယောက်ကို အရှင်ဖမ်းမိခဲ့သလို စစ်မှုထမ်းတပ်သားသစ်တွေကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄/၁၀ ကနေ သိရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း ၄/၁၀ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ တပ်ရင်း ၄၊ တပ်ရင်း ၁၀ နဲ့ မဟာမိတ်တပ်ဖွဲ့တွေက နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးနယ်မြေ ရဲစခန်းကို ပူးပေါင်းတိုက်ခိုက်နေကြတာ ရက်ပေါင်း ၂၀ ကျော် ကြာခဲ့ပါပြီ။ အဲဒီတိုက်ပွဲတွေထဲကနေ စစ်တပ်ဘက်က စနိုက်ပါသမားတယောက်နဲ့ တပ်သားတယောက်တို့ကို အရှင်ဖမ်းမိထားပါတယ်” လို့ ပြောပါတယ်။

ဇွန် ၃ ရက် တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိကာ ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြင်းခြံခရိုင် တပ်ရင်း ၄/၁၀ ရဲ့ တပ်ရင်းမှူး ကိုစိုးအောင်က “တိုက်ပွဲတွေကြောင့်မို့လို့ သူတို့ ဝက်လူးနယ်မြေရဲစခန်းကို ရောက်ရှိနေတဲ့ စစ်ကူစစ်ကြောင်းကနေ ထွက်ပြေးလာကြတဲ့ တပ်သားသစ် ၈ ယောက်ကိုလည်း တိုက်ပွဲတွေ ကြားထဲကနေ ကယ်ထုတ်ထားနိုင်ခဲ့တယ်။ သူတို့ ၈ ယောက်စလုံးဟာ အဓမ္မ ပေါ်တာဆွဲခံရပြီးတော့ စစ်မှုထမ်းအပတ်စဥ် ၉ နဲ့ ၁၀ သင်တန်းဆင်းတွေဖြစ်တယ်။ သူတို့တွေက နေပြည်တော်နယ်မြေထဲက ပါတယ်၊ ရှမ်းပြည် တာချီလိတ်ဘက်ကနဲ့ ဧရာဝတီတိုင်းထဲကနေ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်းဆင်းလို့ တန်းပြီး စစ်မြေပြင်ကို ရောက်လာကြသူတွေ ဖြစ်တယ်။ စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ သန္ဓေတပ်သား နည်းလာပြီးတော့ စစ်မှုထမ်း တပ်သားသစ်တွေကို များများစားစား ထည့်သုံးလာတာ တွေ့ရတော့ သူတို့ဘက်က အင်အားဟာ အတော်ချည့်နဲ့လာပြီလို့ ယူဆလို့ရတယ်” လို့ DVB ကို ပြောပါတယ်။

စစ်တပ်ရဲ့ မတရားပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူတွေ အနေနဲ့လည်း အခွင့်သာရင် သာသလို ထွက်ပြေးပြီး နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ အလင်းဝင်ရောက် ခိုလှုံကြဖို့ တိုက်တွန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ မေ ၁၅ ရက်က စတင်ခဲ့တဲ့ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တွေထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေကြလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံ ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013