Home
မြန်မာသတင်း
မြင်းခြံတိုက်ပွဲ၌ စစ်ကောင်စီတပ်က ၂၀ ထက်မနည်း သေဆုံး၊ PDF ရဲဘော် ၁ ဦး ကျဆုံး
DVB
·
June 4, 2025
Photo: PDF ဂိတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇွန် ၂ ရက် မနက် ၆ နာရီခွဲဝန်းကျင်က PDF ဂိတ်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိသလို တိုက်ပွဲအတွင်းမှာ PDF ရဲဘော်တယောက်လည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အညာဒေသ တော်လှန်ရေးအင်အားစုရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ဘက်က အင်အား ၇၀ လောက်နဲ့ တူးရွင်းဘို့ရွာနားမှာရှိတဲ့ ကျနော်တို့ PDF ဂိတ်ကို အလစ်ဝင်တိုက်ချင်တဲ့ သဘောဗျ။ တိုက်ပွဲက တနေကုန်နီးပါးဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းခြံ ပကဖ) တာဝန်ခံတယောက်က “မနက်ပိုင်း ကျနော်တို့ရဲဘော်တွေ ကင်းချိန်းဖို့ ဂိတ်ကိုအလာ အဲဒီ(--)စစ်ကြောင်းနဲ့ တွေ့ပြီးတော့ တိုက်ပွဲဖြစ်ခဲ့တာ။ တိုက်ပွဲထဲမှာ သူတို့ဘက်က သေတာ ၂၀ လောက်ရှိတယ်။ ဒဏ်ရာရတဲ့ ကောင်တွေလည်း ရှိတယ်။ ညနေပိုင်းရောက်တော့မှ သူတို့ကို မြင်းခြံမြို့ပေါ်ကနေ (--)ကားတွေနဲ့ လာခေါ်သွားကြတာ။ သေတဲ့ကောင်တွေ၊ ဒဏ်ရာရတဲ့ကောင်တွေနဲ့ ကျန်တဲ့ကောင်တွေ အကုန်ပြန်ပါသွားလို့ ညနေ ၅ နာရီဝန်းကျင်လောက်မှ တိုက်ပွဲက ပြီးသွားတယ်။ ကျနော်တို့တွေဘက်ကလည်း ရဲဘော်တယောက် ကျတယ်။ ရဲဘော် ၆ ယောက်၊ ၇ ယောက်လောက် ဒဏ်ရာရခဲ့ကြတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ မြင်းခြံမြို့နယ် ပကဖနဲ့အတူ အညာဒေသတော်လှန်ရေးအင်အားစု၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၊ ပြည်သူ့ကြယ်တပွင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ Wolf Guerrilla Force နဲ့ MP 9 PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်တော့ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးသလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့အပေါ် DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ မေ ၁၅ ရက်က စတင်ခဲ့တဲ့ 9/A Nyar Myae Operation အမည်နဲ့ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တွေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေလို့ စစ်ရေးအခြေအနေ တင်းမာပြီး တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013