Home
နိုင်ငံတကာ
ယူကရိန်းဒရုန်းတိုက်ခိုက်မှုအတွက် ပူတင် လက်စားချေလိမ့်မည်ဟု ထရမ့်ပ် သတိပေး
DVB
·
June 5, 2025
Photo :Reuters

ရုရှားလေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ အကြီးစားတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပေါ် တုံ့ပြန်ရလိမ့်မယ်လို့ ဗလာဒီမာပူတင်က ပြောကြားခဲ့တယ်လို့ ဖုန်းအဆက်အသွယ်လုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးပါတယ်။

“မကြာသေးမီက လေယာဉ်ကွင်းတွေကို တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ အင်မတန် အားကောင်းကောင်းနဲ့ တုံ့ပြန်ရလိမ့်မယ်လို့ သမ္မတပူတင်က ပြောပါတယ်” လို့ ထရမ့်ပ်က သူ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။

တနာရီကျော်ကြာမြင့်တဲ့ ဖုန်းဆက်သွယ်မှုဟာ ရုရှားနဲ့ ယူကရိန်းကြား ချက်ချင်းငြိမ်းချမ်းရေးရဖို့ ဦးမတည်နိုင်ခဲ့ဘူးလို့ ထရမ့်ပ်က သတိပေးပါတယ်။

တွေ့ဆုံညှိနှိုင်းမှုတွေကို ယူကရိန်းက အနှောင့်အယှက်ပေးဖို့ ကြိုးစားတယ်လို့ ပူတင်က ထရမ့်ပ်ကို တိုင်ကြားခဲ့ပြီး ယူကရိန်းအစိုးရဟာ အကြမ်းဖက်အဖွဲ့အစည်းတခု ဖြစ်လာပြီလို့ပါ စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ အမေရိကန်သမ္မတွေဟာ အလားအလာကောင်းတွေ အများကြီးရှိတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်အသက်သွင်းဖို့ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်လို့လည်း အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ နျူကလီးယားလက်နက်ပါ သယ်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေကို ယူကရိန်းက ပင့်ကူအိမ် ဒရုန်းစစ်ဆင်ရေးနဲ့ ဇန်နဝါရီ ၁ ရက်က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ခေါင်းဆောင် ၂ ယောက်ကြား ပထမဆုံး ဖုန်းပြောဖြစ်တာလည်း ဖြစ်ပါတယ်။

အဲဒီလိုတိုက်မယ်လို့ ယူကရိန်းက အမေရိကန်ကို ကြိုအသိပေးထားတာ မရှိဘူးလို့ ထရမ့်ပ်က ပူတင်ကို ပြောခဲ့ကြောင်း ရုရှားသမ္မတအကြံပေး ယူရီ အူရှာကော့ဗ်က ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကတော့ ငြိမ်းချမ်းရေးအားထုတ်မှုမှာ ပူတင်ဘက်က မျှောလိုက်နေမယ်ဆိုရင် အမေရိကန်ရဲ့ ရုရှားအပေါ် တုံ့ပြန်မှု ပြောင်းလဲရလိမ့်မယ်လို့ ထရမ့်ပ်က သတိပေးခဲ့ပြီး ပူတင်ကို နှစ်ပတ်အတွင်း ပြောင်းလဲဖို့ ရက်သတ်မှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ပူတင် လုံးဝရူးသွားပြီ၊ မီးနဲ့ကစားနေတယ် စတဲ့ မှတ်ချက်တွေအမျိုးမျိုးနဲ့လည်း ထရမ့်ပ်က ဝေဖန်ခဲ့ပါသေးတယ်။

ဒါပေမဲ့ နောက်ဆုံးဖုန်းပြောအပြီး ဇွန် ၄ ရက်ကတင်တဲ့ ပို့စ်မှာတော့ အဲဒီ နောက်ဆုံးသတ်မှတ်ရက်နဲ့ ပူတင်အပေါ် ဝေဖန်ပြောဆိုချက်တွေကို လုံးဝ ရည်ညွှန်းသွားတာ မရှိပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013