Home
အားကစား
အီဘရာမိုဗစ်၏ ချဲလ်ဆီးအသင်းရောင်းရငွေများအား ယူကရိန်းအတွက်သုံးရန် ဗြိတိန်ရည်ရွယ်
DVB
·
June 4, 2025
Photo: Reuters

ချဲလ်ဆီးအသင်းရောင်းချမှုအပေါ် အသင်းပိုင်ရှင်ဟောင်း ရုရှားဘီလီယံနာသူဌေးကြီး အီဘရာမိုဗစ်ကို တရားစွဲဖို့ ဗြိတိန်အစိုးရအဖွဲ့က ခြိမ်းခြောက်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကို ရောင်းချရငွေ ပေါင် ၂ ဒသမ ၅ ဘီလီယံကို ဗြိတိန်ရှိ ဘဏ်မှာ ထိန်းသိမ်းထားပြီး အဲဒီငွေတွေကို ယူကရိန်းနိုင်ငံ လူသားချင်းစာနာမှု ပံ့ပိုးရေးမှာ အသုံးပြုဖို့ ဗြိတိန်က ရည်ရွယ်ထားတာပါ။

၂၀၂၂ ခုနှစ်‌ ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားကျူးကျော်စစ် စတင်ဆင်နွှဲပြီးတဲ့နောက် အီဘရာဟီမိုဗစ်ကို ဗြိတိန်က စီးပွားရေးပိတ်ဆို့ခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ရောင်းရငွေတွေကို ယူကရိန်းနိုင်ငံသားတွေရဲ့ လူသားချင်းစာနာမှု အကူအညီပေးဖို့ ဗြိတိန်အစိုးရက ဆန္ဒရှိနေပါတယ်။

ဒါပေမဲ့ အီဘရာမိုဗစ်ကတော့ ယူကရိန်းစစ်ပွဲမှာ အားလုံး သားကောင်ဖြစ်ကြရတာပဲလို့ ပြောထားပါတယ်။

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ “ဆွေးနွေးညှိနှိုင်းမှုအတွက် တံခါးဖွင့်ထားပါတယ်။ လိုအပ်မယ်ဆိုရင်လည်း တရားစွဲဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ယူကရိန်းပြည်သူတွေ အကျိုးခံစားခွင့်ရဖို့ ဒီလုပ်ဆောင်ချက်တွေကို တတ်နိုင်သမျှမြန်မြန် ပြုလုပ်သွားမှာပါ” လို့ ပါရှိပါတယ်။

အီဘရာမိုဗစ်ရဲ့ ငွေတွေကို ဘဏ်ကနေ ပြန်ထုတ်ခွင့်ရရေးကလည်း ဗြိတိန်အစိုးရနဲ့ သူ့ရှေ့နေတွေရဲ့ သဘောတူညီမှု မရတာကြောင့် ပြန်လည်ရရှိဖို့အရေး နှောင့်နှေးနေပါတယ်။

ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေနဲ့ ကြွယ်ဝချမ်းသာလာတဲ့ အီဘရာမိုဗစ်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပြုလုပ်ပြီးနောက် ချဲလ်ဆီးကို ရောင်းချဖို့ အထူးလိုင်စင် ခွင့်ပြုပေးခဲ့ပေမဲ့ ဒီရောင်းချမှုက သူ့အတွက် အကျိုးအမြတ်မရကြောင်း အီဘရာမိုဗစ်က ပြောထားပါတယ်။

ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်လို့ စွပ်စွဲချက်တွေရှိပေမဲ့ အီဘရာမိုဗစ်ကတော့ ငြင်းဆိုထားပါတယ်။

ပေါင် ၂ ဒသမ ၅ ဘီလီယံဟာ တရားဥပဒေကြောင်းအရ အီဘရာမိုဗစ် ပိုင်ဆိုင်ဆဲ ဖြစ်ပေမဲ့ ထုတ်ယူခွင့်မရှိဘဲ ဗြိတိန်ဘဏ်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို ရောင်းချချိန်တုန်းမှာ အီဘရာမိုဗစ်က အသင်းရောင်းချရတဲ့ငွေတွေကို ဖောင်ဒေးရှင်းကတဆင့် ယူကရိန်းအတွက် ရန်ပုံငွေပြုလုပ်ပြီး လှူဒါန်းသွားမယ်လို့ ပြောထားဖူးပါတယ်။

ယူကရိန်းအစိုးရကတော့ ဒီငွေတွေကို ယူကရိန်းနိုင်ငံတွင်းမှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက်သာ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။

ယူကရိန်းအပေါ် အီဘရာမိုဗစ်ရဲ့ ရန်ပုံငွေအသုံးပြုမယ်ဆိုတဲ့ ပြောဆိုချက်ဟာ နားမလည်နိုင်စရာ ဖြစ်တယ်လို့ ဗြိတိန်လွှတ်တော်က ပြီးခဲ့တဲ့နှစ်မှာ ပြောဆိုခဲ့ဖူးပြီး အီဘရာမိုဗစ် ပိုင်ဆိုင်တဲ့ ငွေတွေကို ဘဏ်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013