Home
နိုင်ငံတကာ
ယူကရိန်း စစ်အင်အား ကန့်သတ်ပြီး နယ်မြေများစွန့်လျှင် စစ်ပွဲရပ်ပေးမည်ဟု ရုရှားကမ်းလှမ်း
DVB
·
June 3, 2025
Photo :Reuters

ယူကရိန်းနယ်မြေအမြောက်အမြား စွန့်လွှတ်ပြီး ယူကရိန်းစစ်တပ် အရွယ်အစား ကန့်သတ်ရေးကို သဘောတူမယ်ဆိုရင် စစ်ပွဲ အဆုံးသတ်ပေးမယ်လို့ နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရုရှားဘက်က ကမ်းလှမ်းခဲ့တယ်လို့ ရုရှားမီဒီယာတွေက  ဖော်ပြပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဇွန် ၂ ရက်က နှစ်နိုင်ငံဆွေးနွေးခဲ့ရာမှာ ရုရှားဘက်က ဒီစည်းကမ်းချက်တွေကို တရားဝင်ချပြခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းမှာ သွေးမြေကျမှု အဆုံးသတ်ဖို့ တောင်းဆိုနေပေမဲ့ ရုရှားက သူ့ရဲ့စစ်ရေးရည်မှန်းချက်တွေ အလျှော့ပေးမှာမဟုတ်ကြောင်း အတိအလင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ ကမ်းလှမ်းချက်ဟာ လက်နက်ချဖို့ တောင်းဆိုတာနဲ့ ဘာမှ မထူးတဲ့အတွက် ယူကရိန်းဘက်ကတော့ ထပ်တလဲလဲ ပယ်ချထားပါတယ်။ နှစ်ဖက်ကိုယ်စားလှယ်တွေ  အစ္စတန်ဘူလ်မှာ ဒုတိယအကြိမ် တွေ့ဆုံမှုဟာ တနာရီလောက်ပဲ ကြာမြင့်ခဲ့ပါတယ်။ 

ထိခိုက်ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဦးစားပေးပြီး လဲလှယ်ဖို့နဲ့ ကျဆုံးစစ်သည် ၁၂,၀၀၀ ရဲ့ ရုပ်အလောင်းတွေ အပြန်အလှန် ပြန်ပေးကြဖို့တော့ သဘောတူခဲ့ကြပါတယ်။ 

တူရကီသမ္မတ တာယစ်အာဒိုဂန်ကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီး တို့ကိုယ်တိုင် တူရကီမှာ လာဆွေးနွေးစေလိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်လည်း တက်ရောက်စေလိုတယ်လို့ ပြောပါတယ်။

မော်စကို ကတော့ ရေရှည်ပြေလည်ဖို့ ညှိနှိုင်းရေးကိုသာ လိုလားပြီးတော့ စစ်ပွဲ ခဏရပ်တာမျိုး စိတ်မဝင်စားဘူးလို့ ပြောထားပါတယ်။ 

ပူတင်ကိုယ်တိုင် ငြိမ်းချမ်းရေးမှာ စိတ်မဝင်စားတာလို့ ယူကရိန်းဘက်က ဝေဖန်ထားပါတယ်။ ထရမ့်ပ်ကတော့ အမေရိကန် ကြားဝင်ညှိပေးတဲ့အချိန် နှစ်ဖက်စလုံးက သဘောတူညီမှုယူဖို့ တိုးတက်မှု မရှိလာရင် ဝင်ပါမှာ မဟုတ်တော့ဘူးလို့ သတိပေးထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013