
ရုရှားစစ်စခန်း ၄ ခုက စစ်လေယာဉ် အစင်း ၄၀ ကို ရုရှားနိုင်ငံတွင်း ခိုးသွင်းလာတဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။
ဇွန် ၁ ရက် ညပိုင်းတိုက်ခိုက်မှုဟာ စစ်ပွဲကာလအတွင်း ယူကရိန်းရဲ့ အကြီးမားဆုံး တာဝေးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
“ပင့်ကူအိမ်” စစ်ဆင်ရေးမှာ ဒရုန်း ၁၁၇ စင်း အသုံးပြုခဲ့ပြီး ရုရှားရဲ့ မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် သယ်ဆောင်ပစ်လွှတ်နိုင်တဲ့ ယာဉ် ၃၄ ရာခိုင်နှုန်းကို ထိမှန်စေခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
ဒီစစ်ဆင်ရေးအတွက် ယူကရိန်းထောက်လှမ်းရေး SBU ဟာ တနှစ်ခွဲ အချိန်ယူခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
ဒရုန်းတွေကို လေတပ်စခန်းတွေအနီးအထိ ဝှက်သယ်လာပြီးတော့ အချိန်ကိုက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသ ၅ ခုမှာ ဖြစ်ပွားခဲ့တဲ့ ယူကရိန်းတိုက်ခိုက်မှုတွေကို ရုရှားဘက်ကလည်း အတည်ပြုခဲ့ပြီး အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာ ရုရှားကလည်း ယူကရိန်းနယ်မြေတွေထဲမှာ ဧရာမဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုကြီးကို ညလုံးပေါက် ဆင်နွှဲခဲ့ပါတယ်။
ဇွန် ၂ ရက်နေ့မှာ ရုရှားနဲ့ ယူကရိန်း ညှိနှိုင်းရေးမှူးတွေ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ ဒုတိယအကျော့ ငြိမ်းချမ်းရေးမဆွေးနွေးမီ အခုလို အပြန်အလှန် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတဇလန်းစကီးက ယူကရိန်းထောက်လှမ်းရေး SBU အကြီးအကဲ ဗာဆီလ် မာလီယုခ်ကို ချီးကျူးခဲ့ပြီး ဒရုန်း ၁၁၇ စင်းမှာ အစင်းတိုင်းကို ပိုင်းလော့တယောက်စီက ထိန်းချုပ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
ဇလန်းစကီးက “စိတ်ဝင်စားစရာအကောင်းဆုံးကိစ္စကတော့ အခု လူသိရှင်ကြားလည်း ပြောလို့ရတဲ့ကိစ္စက ရုရှားနယ်မြေထဲက ကျုပ်တို့ စစ်ဆင်ရေးရုံးဟာ သူတို့ဒေသတွေထဲက တခုရဲ့ ရုရှားပြည်ထောင်စု ထောက်လှမ်းရေးရုံး (FSB) နဲ့ ကပ်လျက် တည်ရှိနေတာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
စစ်ဆင်ရေးမှာပါဝင်တဲ့သူတွေ အားလုံးဟာ တိုက်ခိုက်မှု မလုပ်ခင်ကတည်းက ရုရှားကနေ ဘေးကင်းရန်ကင်း စွန့်ခွာခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုမှာ ရုရှားရဲ့ မဟာဗျူဟာကျတဲ့ လေကြောင်းကဏ္ဍမှာ ဒေါ်လာ ၇ ဘီလီယံဖိုးလောက် ဆုံးရှုံးမယ်လို့ ယူကရိန်း SBU က ခန့်မှန်းထားပါတယ်။
Source: Reuters