
ယူကရိန်းရဲ့ ပင့်ကူအိမ်စစ်ဆင်ရေးကို ဘယ်လို အကောင်အထည်ဖော်ခဲ့သလဲ၊ တကယ်ရော ထိရောက်မှုရှိသလား၊ မြန်မာ့တော်လှန်ရေးအတွက် ဘာတွေ နမူနာယူနိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
ယူကရိန်းပြည်သူတွေကို ဒုက္ခပေးနေတဲ့ ရုရှားဗုံးကြဲလေယာဉ်တွေကို ဒရုန်းသုံးပြီး ချေမှုန်းပြခဲ့တဲ့ ‘ပင့်ကူအိမ်’ စစ်ဆင်ရေးဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက်ပါ နည်းမှီစရာ ဖြစ်လာပါတယ်။ တထပ်တည်း ပုံတူကူးလို့မရပေမဲ့ ဘယ်လို တွေးခေါ်ပြီးတော့ ဘယ်လိုစီစဉ်ခဲ့သလဲ၊ ဘယ်လို အကောင်အထည်ဖော်ခဲ့သလဲ ဆိုတာဟာ သေနင်္ဂဗျူဟာ လေ့လာစရာ သာဓကတခု ဖြစ်လာပါတယ်။ ဒါကြောင့် ဒီစစ်ဆင်ရေးကို ဘယ်လို အကောင်အထည်ဖော်ခဲ့သလဲ၊ တကယ်ရော ထိရောက်မှုရှိသလားဆိုတာ ရုပ်သံမြင်ကွင်းတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေ၊ မြေပုံတွေနဲ့ ရှင်းလင်းတင်ပြထားပါတယ်။
ရုရှားဗုံးကြဲလေယာဉ်တွေ ပျက်စီးကြောင်းသက်သေ
ပထမဆုံးအနေနဲ့ ယူကရိန်းပြောသလို မထိပါဘူးလို့ နေပြည်တော်ကနေ မော်စကိုအထိ လှမ်းမနေတဲ့သူတွေ ငြင်းမရနိုင်တဲ့ ဂြိုဟ်တုဓာတ်ပုံကို အရင်ပြသပေးပါမယ်။
၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှာ ရုရှားနိုင်ငံအတွင်း ရှေ့တန်းစစ်မျက်နှာကနေ မိုင်ထောင်ချီဝေးတဲ့ လေတပ်စခန်းတွေ အနီးမှာ ဒရုန်းတွေ တအုပ်တမကြီး ပျံဝဲတက်လာပါတယ်။ အရေးပေါ် အချက်ပေးသံတွေ ဆူညံနေချိန်မှာတော့ ထိပ်တန်းအဆင့်မြင့် ဗုံးကြဲလေယာဉ်ကြီးတွေ မီးဟုန်းဟုန်းတောက်နေခဲ့ပြီ ဖြစ်ပါတယ်။
ပင့်ကူအိမ်စစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ယူကရိန်းရဲ့ ဒရုန်းစစ်ပွဲကို အင်မတန်ကျယ်တဲ့ ရုရှားနိုင်ငံရဲ့ မတူညီတဲ့ Time Zone တွေမှာ တချိန်တည်းဆိုသလို ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ အဝေးဆုံး ယူကရိန်းကနေ ကီလို ၈,၀၀၀ ကျော်အကွာအထိ တိုက်ခိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရုရှားဒေသ ၅ ခုမှာ တိုက်ခိုက်ခံရပေမဲ့ ဒေသ ၂ ခုမှာပဲ လေယာဉ်တွေ ထိခိုက်မှုရှိတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
ဒရုန်း ၁၁၇ စင်း ပါဝင်ပြီး ၁ နှစ် ၆ လနဲ့ ၉ ရက် ကြိုပြင်ခဲ့တဲ့ ဒီစစ်ဆင်ရေးမှာ ရုရှား စစ်လေယာဉ် ၄၁ စင်း ထိခိုက်ပြီး အနည်းဆုံး ၁၃ စင်း လုံးဝပျက်စီးသွားတယ်၊ အမေရိကန်ဒေါ်လာ ၇ ဘီလီယံဖိုးလောက် ဆုံးရှုံးတယ်၊ ရုရှားရဲ့ မဟာဗျူဟာလေတပ်အင်အား ၃ ပုံ ၁ ပုံ ပျက်စီးတယ်လို့ ယူကရိန်းဘက်က ခန့်မှန်းပါတယ်။
ဒရုန်းတွေကို ရုရှားနိုင်ငံထဲကို လနဲ့ချီပြီး ကြိုခိုးသွင်းထားတာ ဖြစ်ပါတယ်။ ကုန်သေတ္တာပုံစံမျိုး သယ်ယူတပ်ဆင်နိုင်တဲ့ သစ်သားအိမ်တွေရဲ့ ခေါင်မိုးတွေအောက် အံဝှက်လိုဖြစ်နေတဲ့နေရာမှာ ဒရုန်းတွေကို ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့မှ အမိုးတွေကို အဲဒီသေတ္တာအိမ်တွေကို ကုန်ကားတွေနဲ့ သယ်ပြီးတော့ လေတပ်စခန်းတွေနားကို မောင်းသွားခိုင်းခဲ့တာ ဖြစ်ပါတယ်။ မောင်းသွားရတဲ့ ယာဉ်မောင်းတွေကိုယ်တိုင် ရိုးရိုးကုန်သေတ္တာတွေလို့ပဲ ယူဆခဲ့ကြတာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ကို ငှားတာဖြစ်ပြီး လေဆိပ်နားက ဆီဆိုင်လိုနေရာတွေ၊ မြေကွက်လပ်တွေမှာ ခဏရပ်ခိုင်းထားပြီး ဘယ်ကိုဆက်ပို့ရမယ်ဆိုတဲ့ ညွှန်ကြားချက် စောင့်ခိုင်းထားတာလို့ ဒရိုင်ဘာတွေက ပြန်ပြောပြပါတယ်။ အဲဒီအချိန် ကုန်သေတ္တာအိမ် အမိုးတွေ ပွင့်လာပြီး အထဲက ဒရုန်းတွေ ထွက်လာတာဖြစ်ပါတယ်။
ဒါက ဒရုန်းတွေကို ရုရှားနိုင်ငံတွင်းက ကုန်ရုံကြီးတခုမှာ သယ်ယူတပ်ဆင်နိုင်တဲ့ ကုန်သေတ္တာပုံစံ သစ်သားအိမ်တွေ ဖြစ်ပါတယ်။ ဒီပုံမှာတော့ အမိုးအောက်က အံဝှက်ထဲမှာ ဒရုန်းတွေ ထည့်ထားတာ တွေ့ရမှာပါ။ အဲဒီလို အိမ်သေတ္တာတလုံးကို ဒရုန်း ၃၆ စင်း ပါတယ်လို့ ပြောပါတယ်။ နောက်တပုံမှာတော့ အမိုးပွင့်ထွက်သွားပြီး ဒရုန်းတစင်း ပျံတက်နေပုံနဲ့ နောက်ခံမှာ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မီးခိုးထွက်နေပုံမြင်ရမှာပါ။
ဒီစစ်ဆင်ရေးမှာ ယူကရိန်းဘက်က သုံးသွားတဲ့ ဒရုန်းတွေဟာ အရမ်းဆန်းဆန်းပြားပြား မဟုတ်ဘဲနဲ့ quadcopters လို့ခေါ်တဲ့ ပန်ကာလေးခုပါ ပုံမှန်ဒရုန်းတွေသာ ဖြစ်ပါတယ်။ ရှေ့မှာ ကင်မရာ တပ်ထားတာကြောင့် ကိုယ်တိုင်လိုက်ပါစီးနင်းသလို မြင်ရနိုင်တဲ့ FIRST PERSON VIEW (FPV) ဒရုန်းလို့ ပြောတာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဂြိုဟ်တု ဒါမှမဟုတ် အင်တာနက်ကနေ ချိတ်ဆက်ပြီး မောင်းနှင်တာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေရဲ့ ယူဆချက်ဖြစ်ပါတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ဒီ ၁၁၇ စင်းစလုံးကို တစင်းတယောက် ပိုင်းလော့တွေက ထိန်းချုပ်တာလို့ ဆိုပါတယ်။
Tu-95, Tu-22 နဲ့ Tu-160 တွေ အပါအဝင် နျူးကလီးယားလက်နက်တွေပါ သယ်ဆောင်ပစ်လွှတ်နိုင်တဲ့ ရုရှားဗုံးကြဲလေယာဉ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒီလေယာဉ်တွေဟာ သုံးစွဲနေပေမဲ့ ဆက်လက်ထုတ်လုပ်တာမျိုး မရှိတော့တဲ့အတွက် အစားထိုးဖို့ မဖြစ်နိုင်သလောက်ပါဘဲ။ ပြီးခဲ့တဲ့အပတ်အထိ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ဒီဗုံးကြဲလေယာဉ်တိုင်းဟာ ပဲ့ထိန်းဒုံးကျည် ၈ စင်း သယ်နိုင်ပြီးတော့ အဲဒီဒုံးကျည်တစင်းချင်းစီဟာ ၄၀၀ ကီလိုဂရမ် လေးတဲ့ ထိပ်ဖူးတပ်ဆင်နိုင်ပါတယ်။ A-50 ထောက်လှမ်းရေးနဲ့ ကွပ်ကဲရေးယာဉ်တွေလည်း ထိခိုက်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်ကောင်စီဟာလည်း လေကြောင်းအားသာမှုကိုသာ အရမ်းမှီခိုနေရတာ ဖြစ်ပါတယ်။ Yak-130 တို့ K-8 တို့ FTC-2000G တို့လို လေယာဉ်တွေ၊ Mi-17, Mi-35 လို ရဟတ်ယာဉ်တွေဟာ မကွေး၊ နေပြည်တော်၊ တံတားဦး၊ မှော်ဘီ စတဲ့ လေတပ်စခန်းတွေကိုပဲ မှီခိုနေရတာ ဖြစ်ပါတယ်။ ယူကရိန်းကသုံးတဲ့ ဒရုန်းမျိုးဟာ တစင်းမှ ဒေါ်လာ ၅၀၀ လောက် ကျသင့်တာပါ။ Yak-130 တစင်းကို ဒေါ်လာ ၁၅ သန်းလောက် တန်ပါတယ်။ အချိုးမညီစစ်ပွဲတခုမှာ ဒရုန်းတွေ စစ်မြေပြင်ကို ညီမျှသွားစေပါတယ်။
လက်ရှိမှာလည်း မြန်မာလူငယ်တွေဟာ ယူကရိန်းသားတွေလိုပဲ အလားတူ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီအတွက် အခုထက်ပိုပြီး အင်အားကောင်းအောင်၊ ပိုထုတ်လုပ်နိုင်အောင်၊ ပိုင်းလေ့ာသစ်တွေ မွေးထုတ်နိုင်အောင် ဝိုင်းပံ့ပိုးကြဖို့ လိုအပ်နေပါတယ်။ ဒီနေရာမှာ ဘယ်လောက်ဖျက်ဆီးနိုင်သလဲ ဆိုတာထက် စိတ်ဓာတ်စစ်ဆင်ရေးက ပိုအဓိကကျပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်ကွင်းတွေ၊ စစ်လက်နက်စက်ရုံတွေ၊ စစ်တိုင်းဌာနချုပ်တွေ၊ စစ်တက္ကသိုလ်နဲ့ သင်တန်းကျောင်းတွေ၊ ဘယ်တော့မှ မလုံခြုံအောင် ဖန်တီးနိုင်စွမ်း ဒရုန်းတွေမှာ ရှိနေပါတယ်။
ရုရှားရဲ့ ဘယ်လာရာ၊ အိုလန်ညာ၊ အိုင်ဗန်နိုဗာ လေတပ်စခန်းတွေလို ဖြစ်လာမလားလို့ တံတားဦး၊ ရှမ်းတဲ၊ မိတ္ထီလာလေတပ်စခန်းတွေကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒရုန်းဆိုတာ လက်နက်သက်သက် မဟုတ်တော့ပါဘူး။ လွတ်မြောက်မှုဆီကို ပျံသန်းဖို့ တောင်ပံတွေ ဖြစ်ပါတယ်။
စိုင်းခေတ်နွေ