Home
မြန်မာသတင်း
သန္တာကျောက်တန်း ပျက်စီးစေမှုဖြင့် နစ်မြုပ်မြန်မာသင်္ဘော ဘတ်ငွေ ၁၂ သန်း လျော်ပေးရမည် 
DVB
·
June 5, 2025
Photo :MCOT News

လွန်ခဲ့တဲ့ရက်ပိုင်းက ထိုင်းတောင်ပိုင်း၊ ဖန်ငခရိုင်၊ ဆူရင်းကျွန်းစု ထိုင်းအမျိုးသားဥယျာဉ်အနီးရေပြင်မှာ ပျက်စီးနစ်မြုပ်ခဲ့တဲ့ မြန်မာ့ကုန်တင်သင်္ဘောဟာ ထိုင်းနိုင်ငံရဲ့ သန္တာကျောက်တန်းကို ထိခိုက်ပျက်စီးစေတဲ့အတွက် ဘတ်ငွေ ၁၂ သန်း ပေးလျော်ဖို့ ထိုင်းအာဏာပိုင်တွေက ပြောကြောင်း MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။ 

ဧရာလင်း MV.AYAR LINN အမည်ရှိ မြန်မာ့ကုန်တင်သင်္ဘောကြီးဟာ ထိုင်းတောင်ပိုင်း ရနောင်းကနေ မြန်မာနိုင်ငံ မြိတ်မြို့ကိုအပြန် ဇွန် ၁ ရက်နေ့က သင်္ဘောဝမ်းဗိုက်အက်ကွဲပြီး ရေတွေ ဝင်လာခဲ့ပါတယ်။ 

သင်္ဘောက နီးစပ်ရာ ကျွန်းတခုခုကို ကမ်းကပ်ဖို့ ကြိုးစားခုတ်မောင်းစဉ် ထိုင်းအမျိုးသား ဥယျာဉ်မြောက်ဘက်အရပ် သန္တာကျောက်တန်းပေါ်မှာ နစ်မြုပ်သွားခဲ့တာပါ။  ထိုင်းရေတပ်က မြန်မာသင်္ဘောသား ၇ ယောက်ကို ကယ်တင်ခဲ့ပြီး  သန္တာကျောက်တန်းပျက်စီးမှုအ‌ခြေအနေတွေကို ရေငုပ်သမားတွေနဲ့ စစ်ဆေးခဲ့တယ်။ 

စစ်ဆေးချက်အရ အဆိုပါသင်္ဘောဟာ သန္တာကျောက်တန်းရဲ့ ၁၅၀ စတုရန်းမီတာအကျယ် အဝန်းပေါ် သောင်တင်နေတယ်၊ သန္တာကျောက်တန်း အရှည် ၇၅ မီတာ ပျက်စီးသွားတယ်၊ အထူးသဖြင့် အပြာရောင်သန္တာကျောက်တန်း Heliopora coerulea မှာ ၈၀ ရာခိုင်နှုန်ူး ပျက်စီးတယ်၊ ဒါ့အပြင် သင်္ဘောပေါ်က ကုန်ပစ္စည်းနဲ့ အမှိုက်သရိုက်တွေလည်း ပတ်ဝန်းကျင်မှာ ပြန့်ကျဲနေတယ်လို့ ဆိုပါ တယ်။ 

ဒါကြောင့် ထိုင်းအမျိုးသားသဘာဝဥယျာဉ်ထိန်းသမ်းစောင့်ရှောက်ရေးဌာနက မြန်မာသင်္ဘောသား ၇ ဦးကို သန္တာကျောက်တန်း ပျက်စီးယိုယွင်းစေမှု၊  သဘာဝသယံဇာတနဲ့ ဂေဟစနစ် ပျက်စီးစေမှု၊  ရေနေသတ္တဝါများအား ထိခိုက်စေမှု စတဲ့ပုဒ်မတွေနဲ့  တရားစွဲပြီး နိုင်ငံတော်အား  လျော်ကြေးငွေ ဘတ် ၁၂ သန်း ပေးဆောင်ဖို့  တောင်းခံသွားမယ်လို့ ဆိုပါတယ်။ 

အဆိုပါ ၁၂ သန်းမှာ သန္တာကျောက်တန်း မူလအတိုင်းပြန်ဖြစ်ရန် ပြန်လည်မွမ်းမံပြင်ဆင်ကြေး ၁၀,၀၀၃,၉၂၇ ဒသမ ၅၀ ဘတ်၊ အခွင့်အလမ်းများ ဆုံးရှုံးကြေး ၁,၆၃၁,၅၅၀ ဘတ် ဝန်ဆောင်လုပ်အားခ ၄၀၀, ၀၀၀ ဘတ်တို့ဖြစ်တယ်။  

သင်္ဘောကြီးကို ပြန်လည်ဆွဲတင်တဲ့အခါမှာလည်း ထပ်မံပျက်စီးမှုတွေ အနည်းနဲ့အများရှိဦးမှာ ဖြစ်ပါတယ်။ ကံအားလျော်စွာ သင်္ဘောထဲပါလာတဲ့ စက်သုံးဆီ ၇,၇၀၀ လီတာကတော့  ယိုစိမ့်မှု မတွေ့ရသေးဘူး၊  တာဝန်ရှိသူတွေဟာ  သင်္ဘောရဲ့  အတွင်းပိုင်း၊ အပြင်ပိုင်း အခြေအနေတွေကို အသေးစိတ် စစ်ဆေးပြီး သင်္ဘောဆီတိုင်ကီကနေ  လောင်စာဆီယိုဖိတ်မှု မဖြစ်စေဖို့ ပိတ်ဆို့ထားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source -  MCOT News / Phuket Times

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013