Home
မြန်မာသတင်း
နစ်မြုပ် မြန်မာကုန်သင်္ဘောကို ထိုင်းရေတပ် ကယ်တင်၊ သန္တာကျောက်တန်း ပျက်စီးမှုဖြင့် အရေးယူခံရနိုင် 
DVB
·
June 3, 2025
Photo: Phuket Times

ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်က မြန်မာ့ကုန်တင်သ‌င်္ဘောတစီး နစ်မြှုပ်သွားခဲ့ပြီး ထိုင်းရေတပ်အာဏာပိုင်တွေက သင်္ဘောသားတွေကို သွားရောက်ကယ်တင်ခဲ့ပေမဲ့ သန္တာကျောက်တန်း ပျက်စီးမှုနဲ့  အရေးယူခံရဖွယ်ရှိနေပါတယ်။ 

ကပ္ပတိန် အောင်ငွေစိုး  (အသက် ၅၀ နှစ်) နဲ့ သင်္ဘောသား ၇ ယောက်တို့ လိုက်ပါလာတဲ့ MV.AYAR LINN အမည်ရှိ မြန်မာသင်္ဘောဟာ ထိုင်းဘက်ခြမ်း ရနောင်းခရိုင် ကိုမတ်ဆိပ်ကမ်းကနေ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းအမျိုးမျိုး တင်ဆောင်ပြီး မေ ၂၉ ရက်က  မြန်မာဘက်ခြမ်းကို ပြန်လည်ထွက်ခွာသွားတယ်လို့  Phuket Hotnews သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါသင်္ဘောမှာ မြန်မာပြည် ကော့သောင်းဘက်ကို ခုတ်မောင်းပြီး ကုန်ပစ္စည်းအချို့နဲ့ သင်္ဘောသားတယောက်ကို ချထားခဲ့ကာ မြိတ်ကျွန်းစုဘက် ခရီးဆက်ထွက်ခွာလာစဉ် သင်္ဘောဝမ်းဗိုက်မှာ အပေါက်ဖြစ်ပြီး ရေတွေစိမ့်ဝင်လာတာ တွေ့ရတဲ့အတွက်  အနီးဆုံး ကမ်းခြေတခုခုကို ကပ်ဖို့ ကြိုးစားခဲ့တယ်လို့  ရေကြောင်းထိန်းသိမ်းရေးတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ဖန်ငခရိုင် ခူရပူရီမြို့နယ် ထိုင်းအမျိုးသားဥယျာဉ်မြောက်ဘက် ဆူရင်းကျွန်းစု အနီးရောက်တော့ အဆိုပါသင်္ဘောဟာ သန္တာကျောက်တန်းကို ဝင်တိုက်မိပြီး သောင်တင်သွားခဲ့တယ်။ အဲဒီနေရာကို ထိုင်းရေကြောင်းထိန်းသိမ်းရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်တင်ခဲ့ပေမဲ့ ရေတိမ်ပိုင်း ဖြစ်တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း အပြည့်အဝ မဆောင်ရွက်နိုင်ကြောင်း၊ သင်္ဘောထဲကိုလည်း ရေဝင်ရောက်လာကာ အဆိုပါသင်္ဘောဟာ ရေထဲ တဖြည်းဖြည်း နစ်မြုပ်သွားတယ်။ သင်္ဘောပေါ်က ကုန်ပစ္စည်းတွေလည်း ရေထဲ တချို့နစ်မြုပ်၊ တချို့ ပေါလောပေါ်နေတယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့တွေက မြန်မာသင်္ဘောသား ၇ ယောက်လုံးကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့တယ်၊ စစ်ဆေးချက်အရ အဆိုပါသင်္ဘောမှာ သင်္ဘောနဲ့ပတ်သက်တဲ့ စာရွက် စာတမ်း အထောက်အထားနဲ့  ပို့ကုန်စာရင်းရှင်းတမ်း အပြည့်အစုံရှိတယ်။ သင်္ဘောထဲမှာ စက်သုံးဆီ ၇,၇၀၀ လီတာပါဝင်ပြီး ယိုစိမ့်မှု မတွေ့ရဘူးလို့ ဆိုပါတယ်။ 

ဒါပေမဲ့ သန္တာကျောက်တန်းကို ဝင်တိုက်ထားတာကြောင့် ပျက်စီးမှုအခြေအနေတွေကို သက်ဆိုင်ရာက စစ်ဆေးနေပြီး  ပျက်စီးမှုတွေရှိပါက  အဆိုပါ မြန်မာသင်္ဘောသား ၇ ဦးလုံး သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုနဲ့  တရားစွဲခံရဖွယ်ရှိတယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။ 

Source: Phuket Times

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013