Home
နိုင်ငံတကာ
စစ်ရေးတင်းမာနေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်မှ  နှစ်ဘက်တပ်များ ပြန်ဆုတ် 
DVB
·
May 30, 2025
Photo :matichon

 

ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်ဘက်တပ်ဖွဲ့တွေ တင်းမာမှုဖြစ်ပြီး ပစ်ခတ်ခဲ့ကြလို့ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တယောက် ကျဆုံးပြီးတဲ့နောက် ထိုင်းကြည်းတပ်ဦးစီးချုပ်နဲ့ ကမ္ဘောဒီးယား ကြည်းတပ်ဦးစီးချုပ်တို့ဟာ မေ ၂၉ ရက် ညနေက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

ထိုင်းဘက်က ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖနား ခလျောက်ဘော်ထွတ်နဲ့ ကမ္ဘောဒီးယား ဘက်က ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မော်စိုးဖန်းတို့ ဦးဆောင်တဲ့ အဖွဲ့တွေဟာ မနေ့‌ညနေ ၃ နာရီခွဲက ထိုင်းအရှေ့မြောက်ပိုင်း ဆူရင်းခရိုင်၊ ကပ်ချိန့်မြို့နယ်၊ တန်ကျေးရွာအုပ်စုရှိ ချောင့် ကျွမ်းနယ်စပ်ဂိတ်မှ အချိန် ၁ နာရီ မိနစ် ၂၀ ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဆွေးနွေးပွဲမှာ ထိုင်းဗိုလ်ချုပ်ကြီးက ၂၈ ရက်နေ့ ပစ်ခတ်မှုမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တယောက် ကျ ဆုံးသွားရတဲ့အပေါ် ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းပါကြောင်း၊ နှစ်ဘက်ပြည်သူတွေ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အဓိကထား ကြောင်း၊  ပြဿနာကို လက်နက်နဲ့ သုံးပြီးမဖြေရှင်းလိုဘူး၊ တဘက်နိုင်ငံရဲ့  အချုပ်အခြာအာဏာကို လည်း မထိပါးကြောင်း ပြောကြားခဲ့တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုပြဿနာကို နယ်စပ်ပူးတွဲကော်မတီ (JBC)၊ နယ်ခြားဒေသဆိုင်ရာကော်မတီ (RBC)တို့နဲ့ ဖြေရှင်းဖို့လည်း သဘောတူခဲ့တယ်၊  အဆိုပါကော်မတီအဆင့် တွေ့ဆုံဆွေးနွေးမှုဟာ လာမယ့် သီတင်း ၂- ၃ ပတ်အတွင်း ဖြစ်လိမ့်မယ်လို့  ဆိုပါတယ်။ 

ဒီအတောအတွင်း ထိပ်တိုက်ရင်ဆိုင်မှုတွေမရှိဖို့ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ သင့်တင့်လျောက်ပတ်တဲ့ နေရာမှာ ပြန်နေကြဖို့ သဘောတူတယ်၊   နှစ်ဘက်တပ်တွေ မီတာ ၂၀၀ စီ ပြန်ဆုတ်ကြဖို့ ထိုင်း ဘက်က အဆိုပြုခဲ့တယ်။ 

ကမ္ဘောဒီးယားဗိုလ်ချုပ်ကြီးကလည်း မိမိတပ်ရင်း တပ်ဖွဲ့တွေကို ကောင်းစွာ ထိန်းချုပ် ကွပ်ကဲနိုင်ကြောင်း၊ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ မလိုက်နာဘူးဆိုရင် ချက်ချင်း ရွှေ့ပြောင်းပစ်မယ်ဆိုပြီး ပြောတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နှစ်နိုင်ငံရဲ့ ကောင်းမွန်သော နိုင်ငံခြားဆက်ဆံရေးကို သည်းခံ၊ အောင့်အည်း ထိန်းသိမ်းကြဖို့လည်း သဘောတူခဲ့ကြပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံတော် အတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌလည်းဖြစ် လက်ရှိဝန်ကြီးချုပ်ရဲ့ ဖခင်လည်းဖြစ်တဲ့  ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကတော့ အငြင်းပွားနေတဲ့ ချောင့်ဘုတ်နယ်မြေဟာ ကမ္ဘောဒီးယားအပိုင်ဖြစ်တယ်၊ ၂၀၀၉ ခုနှစ်က သူအဲဒီ နေရာကို ရောက်ခဲ့သေးတယ်၊ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်က ဘာကြောင့်အဲဒီနေရာမှာ ကျဆုံးရတာလဲ၊ ဘယ်သူက လေယာဉ်နဲ့ လာခြိမ်းခြောက်သလဲ၊  တို့ဘက်ကတော့ အဆိုးဆုံး အခြေအနေအတွက် အဆင်သင့်ရှိတယ်၊ နှစ်ဘက်ကောင်းစွာညှိနှိုင်းနိုင်လိမ့်မယ်လို့တော့ မျှော်လင့်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထား ပါတယ်။ 

 Source:  Matichon / 3PLUS News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013