Home
နိုင်ငံတကာ
ထိုင်းတွင် ၂  လအတွင်း စိတ်ကြွဆေးပြား သန်း ၃၀ နှင့် အခြားမူးယစ်ဆေး ၄,၇၀၀ ကီလိုဂရမ် ဖမ်းမိ
DVB
·
May 29, 2025
Photo :Today News

 

ထိုင်းနိုင်ငံမှာ ၂ လအတွင်း စိတ်ကြွဆေးပြား သန်း ၃၀ နီးပါးနဲ့ တခြားမူးယစ်ဆေး အလေးချိန် ၄,၇၀၀ ကီလိုဂရမ်ကျော် ဖမ်းမိတယ်လို့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က ဒီကနေ့ မေ ၂၉ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

မူးယစ်ဆေးဝါး ပပျောက်ကင်းစင်ရေးအတွက် “Seal - Stop - Safe” ဆိုတဲ့ စီမံချက်ချမှတ်ပြီး နယ်စပ်တလျှောက်နဲ့ လေဆိပ်မှာရော ရပ်ရွာထဲမှာပါမကျန် ရှာဖွေစစ်ဆေး ဖမ်းဆီးခဲ့တယ်။ ဒါ့အပြင် မူးယစ်ကုန်သည်တွေရဲ့ ငွေကြေးလမ်းကြောင်း ဖြတ်တောက်တာတွေကို လုပ်ဆောင်ခဲ့တယ်။

အထက်ပါစီမံကိန်းမှာ ဌာနဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး   ၂ လအတွင်း စိတ်ကြွဆေးပြား သန်းပေါင်း ၂၉ ဒသမ ၉၃ သန်း၊ အိုက်စ်နဲ့ ခေတာမင် အလေးချိန် ၄,၄၄၃ ကီလိုဂရမ်၊ ဟီးရိုးအင်း ၁၂၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်။ မူးယစ်မှုပေါင်း ၃၁ မှုမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေရဲ့ ပိုင်ဆိုင်မှု‌ ဘတ်သန်းပေါင်း ၁,၉၀၀ ကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်က “ထိုင်းလူငယ်လူရွယ် မျိုးဆက်သစ်တွေ မူးယစ်ဆေးဝါးအန္တရာယ်ကနေ လွတ်ကင်းအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ တနိုင်ငံလုံးက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကို ကျေးဇူးတင်တယ်။ အထူးသဖြင့် အပင်ပန်းခံပြီး ကြီးလေးတဲ့တာဝန်ကို ထမ်းရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်။ မူးယစ်ဆေးဝါးနှိမ်နင်းဖို့ အစိုးရအနေနဲ့ အဘက်ဘက်က အစွမ်းကုန် ကူညီပံ့ပိုးပေးမယ်။ လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ကျစရိတ်၊ ဝန်ထမ်းအင်အား၊ နည်းပညာ အကုန်ဖြည့်ဆည်းပေးမယ်လို့ ထပ်ပြီး ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရာမှာ တရားခံကို ဖမ်းဆီးလိုက်ရုံတင်မကဘဲ မူးယစ်နဲ့ ပတ်သက်တဲ့ ကွန်ရက်တခုလုံးကို အမြစ်ဖြတ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကိုလည်း လူ့အဖွဲ့အစည်းထဲမှာ ရေရှည်တည်တံ့စွာ နေထိုင်နိုင်ဖို့ ပြန်လည်ထူထောင်ပေးရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

Source: Today News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013