Home
နိုင်ငံတကာ
ထိုင်းတွင် အလုပ်အကိုင် ၁၃ မျိုးအတွက် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးမည်
DVB
·
May 29, 2025
Photo :Reuters

ထိုင်းနိုင်ငံမှာ ကျွမ်းကျင်လုပ်သားအဆင့်အတန်း သတ်မှတ်ချက်အရ အလုပ်အကိုင် ၁၃ မျိုးအတွက် လုပ်ခလစာ နှုန်းထားအသစ်တွေကို မေ ၂၀ ရက်က အတည်ပြုလိုက်ပြီး အများစုက တရက်ကို ဘတ် ၆၀၀ ကနေ ဘတ် ၈၀၀ ကြားမှာ ရှိတယ်လို့ ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (PRD) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီလုပ်ခလစာ နှုန်းထားအသစ်တွေဟာ တော်ဝင်ပြန်တမ်းမှာ ကြေညာပြီး ရက်ပေါင်း ၉၀ အကြာမှာ စတင်အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ အဆိုပြုချက်အရ လုပ်ခနှုန်းထား ကော်မတီက ဧပြီ ၉ ရက်၊ ၂၀၂၅ ခုနှစ် ရက်စွဲနဲ့ ကျွမ်းကျင်မှုစံနှုန်းများ (အမှတ်စဉ် ၁၄) အရ လုပ်ခနှုန်းထားတွေကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကျွမ်းကျင်မှုစံနှုန်းတွေအရ လုပ်ခသတ်မှတ်လိုက်တဲ့ အလုပ်အကိုင် ၁၃ မျိုးနဲ့ တရက်လုပ်ခ နှုန်းထားတွေကတော့ အများပြည်သူဆိုင်ရာ ခရီးသွားဘတ်စ်ကားယာဉ်မောင်း (အဆင့် ၁) အတွက် ဘတ် ၆၀၀၊ လျှပ်စစ်မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးပညာရှင် (အဆင့် ၂) အတွက် ဘတ် ၆၀၀၊ ဘီးမပါ ကရိန်းယာဉ်မောင်း (အဆင့် ၁) အတွက် ဘတ် ၆၂၀၊ ဘီးတပ် (အဆင့် ၁) အတွက် ဘတ် ၆၂၀၊ ကုန်တင် ကရိန်းယာဉ်မောင်း (အဆင့် ၁) အတွက် ဘတ် ၅၆၀၊ ထရပ်ကားယာဉ်မောင်း (အဆင့် ၁) အတွက် ဘတ် ၄၈၅၊ လေအေးပေးစက်ပညာရှင် (အဆင့် ၁) အတွက် ဘတ် ၇၂၀ နဲ့ (အဆင့် ၂) အတွက် ဘတ် ၈၀၀၊ အီလက်ထရွန်းနစ်ပညာရှင် (အဆင့် ၁) အတွက် ဘတ် ၅၀၀၊ အစည်းအဝေး၊ ပွဲလမ်းသဘင်နဲ့ ပြပွဲဆိုင်ရာ လျှပ်စစ်ပညာရှင် (အဆင့် ၂) အတွက် ဘတ် ၆၀၀၊ ကွန်ပျူတာ ပရိုဂရမ်မာ (အဆင့် ၁) အတွက် ဘတ် ၇၀၀၊ ကွန်ပျူတာကွန်ရက် စီမံခန့်ခွဲသူ (အဆင့် ၂) အတွက် ဘတ် ၇၇၀၊ စက်မှုလုပ်ငန်း စက်ရုပ်ကိုင်တွယ်သူ (အဆင့် ၁) အတွက် ဘတ် ၆၀၅၊ မွေထိုင်းနည်းပြ (အဆင့် ၁) အတွက် ဘတ် ၅၆၅ တို့ ဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အဆိုအရ အဲဒီလို ကျွမ်းကျင်မှုစံနှုန်း လုပ်ခလစာတွေကို ညှိနှိုင်းသတ်မှတ်ခြင်းအားဖြင့် လုပ်သားတွေအနေနဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်ဖို့ အားပေးရာရောက်ပြီး သူတို့ရဲ့ဝင်ငွေကို အာမခံချက်ပေးကာ စီးပွားရေးလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Source: Thailand Public Relations Department - PRD

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013