Home
မြန်မာသတင်း
အရပ်သားများအပေါ် လေကြောင်းဗုံးကြဲမှု ဆွီဒင်စိုးရိမ်၊ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန် 
DVB
·
May 29, 2025
Photo:Embassy of Sweden Section Office in Yangon

အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က  လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေတဲ့ အပေါ် အလွန်အမင်းစိုးရိမ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက မေ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ကိုယ်တိုင်ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားပြည်သူတွေကို စစ်တပ်က လေကြောင်းကနေ နေ့စဉ်နီးပါး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရခိုင်၊ ချင်းနဲ့ မြန်မာနိုင်ငံရှိ တခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ  စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက်  ဆွီဒင်နိုင်ငံအနေနဲ့  အထူးဝမ်းနည်းရတယ်လို့လည်းဆိုပါတယ်။

အရပ်သားပြည်သူတွေ အထူးသဖြင့် အပြစ်မဲ့ကလေးတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်၊ ဆွီဒင်နိုင်ငံဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို အမြဲကာကွယ်ပေးမှာဖြစ်လို့  မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ ဆွီဒင်သံရုံး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် အပစ်အခတ်တွေရပ်စဲထားတယ်လို့ ကြေညာထားပေမဲ့ တဖက်မှာ  လေကြောင်းကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက် နေတာပါ။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ မေလ ၂၈ ရက်အထိ ၂ လတာကာလအတွင်း စစ်ကောင်စီတပ်က နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုအကြိမ်ရေ ၈၀၉ ကြိမ်ပြုလုပ်ခဲ့ကြောင်း DVB က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီပမာဏထဲက အကြိမ်ရေ ၆၆၀ ကျော်ဟာ စစ်တပ် ကိုယ်တိုင် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ကာလအတွင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ငလျင်လှုပ်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့  လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်အပါအဝင် အပြစ်မဲ့ပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်စုစုပေါင်း ၅၄၄ ယောက် ထက်မနည်း သေဆုံးခဲ့ရကြောင်း DVB ရဲ့ ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013