Home
နိုင်ငံတကာ
အစ္စရေး ဗုံးကြဲမှုကြောင့် ရင်သွေး ၉ ဦး ဆုံးရှုံးခဲ့ရသည့် ဖခင် အရေးပေါ်ကုသမှုခံယူ
DVB
·
May 26, 2025
Photo: REUTERS/Hatem Khaled

ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က ဂါဇာကမ်းမြောင်မှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ရင်သွေး ၉ ယောက်အထိ တပြိုင်နက် ဆုံးရှုံးခဲ့ရတဲ့ ဖခင်ဖြစ်သူဟာ အရေးပေါ် အထူးကြပ်မတ်ကုသမှု ခံယူနေရတယ်လို့ ကုသပေးနေတဲ့ဆေးရုံက မေ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုယ်တိုင်လည်း ဆရာဝန်တယောက်ဖြစ်တဲ့ ဟမ်ဒီ အယ်လ်နက်ဂျာဟာ ခန်းယူနစ်မြို့က သူ့နေအိမ်မှာ သူ့ကလေး ၁၀ ယောက်နဲ့အတူ ရှိနေချိန် အစ္စရေး လေကြောင်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာဖြစ်ပြီး တယောက်ကလွဲလို့ ကျန်တဲ့ကလေးအားလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း ဂါဇာတောင်ပိုင်းက နက်ဆာဆေးရုံမှာ ကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

နက်ဂျာရဲ့ ဝမ်းဗိုက်နဲ့ ရင်ဘတ်က သွေးထွက်တာ တိတ်အောင်လို့ ခွဲစိတ်မှု ၂ ခု လုပ်ဆောင်ခဲ့ပြီး ဖြစ်သလို ခေါင်းအထိ တခြားဒဏ်ရာတွေလည်း အများကြီးထိထားတယ်လို့ ခွဲစိတ်ပေးတဲ့ ဆရာဝန် အဗ္ဗဒူလ် အဇစ် အယ်လ်ဖာရာက ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ခန်းယူနစ်မြို့မှာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထားပေမဲ့ အစ္စရေးစစ်သားတွေ အနီးမှာရှိတဲ့ အဆောက်အအုံတခုမှာ သံသယရှိသူတွေကို ပစ်မှတ်ထားခဲ့တာသာ ဖြစ်တယ်လို့ ဖြေရှင်းပါတယ်။

မသက်ဆိုင်တဲ့ အရပ်သားတွေပါ သေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်တပ်က စိစစ်နေပြီး စစ်ဆင်ရေး မစခင်ကတည်းက အဲဒီဧရိယာက အရပ်သားတွေကို စစ်တပ်က ဖယ်ရှားပေးခဲ့တယ်လို့လည်း ပြောပါတယ်။

သေဆုံးတဲ့ ကလေး ၉ ယောက်ဟာ အသက် ၁ နှစ်ကနေ ၁၂ နှစ်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ ကလေးကတော့ ယောက်ျားလေးဖြစ်ပြီး ဒဏ်ရာပြင်းထန်ပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ဘူးလို့ ဆိုပါတယ်။

နက်ဂျာရဲ့ ဇနီးသည် အယ်လာဟာလည်း ဆရာဝန်တယောက်ဖြစ်ပြီး အခင်းဖြစ်တဲ့အချိန် အိမ်မှာ ရှိမနေခဲ့ဘဲ အခု ဆေးရုံမှာ ဒဏ်ရာရသူတွေကို ကုသပေးနေခဲ့လို့ လွတ်သွားတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013