Home
မြန်မာသတင်း
DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကို စစ်ကောင်စီတပ် ဗုံးကြဲ
DVB
·
May 28, 2025

ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်အနီးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

မေ ၂၈ ရက် နေ့လယ် ၁ နာရီကျော်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ဆုံဆည်းမြိုင်မှာနေတဲ့ ဒေသခံတယောက်က “အခုပဲ လေယာဥ်ကြဲသွားပြီ။ ရွာထဲမှာ ရွာသားကလေးတယောက် ထိတယ်လို့ပဲ သိရသေးတယ်။ ကျန်တာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

မေ ၂၈ ရက်က ဆုံဆည်းမြိုင်မှာရှိတဲ့ DKBA တပ်ဖွဲ့ ဌာနချုပ်အနီးမှာ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အခုလို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာလို့ ဆိုပါတယ်။

သေ့ဘောဘိုးဗျူဟာ မကျရေးအတွက် ဝေါ်လေစခန်းရှိ စစ်ကောင်စီတပ်သားတွေ စစ်ကူအနေနဲ့ သွားရောက်ဖို့ ရည်ရွယ်ကာ ထိုင်းနိုင်ငံကတဆင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် - DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာကို ယမန်နေ့က ဝင်ရောက်လာတာ ဖြစ်တယ်လို့လည်း DKBA တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အဲဒီလို ဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဘက်က ဒီနေ့မနက် အဆိုပါ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအပြင် တပ်သားတချို့ ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013