
အမေရိကန်နဲ့ အစ္စရေးတို့ ကျောထောက်နောက်ခံပြုထားတဲ့ ဖောင်ဒေးရှင်းက အကူအညီတွေ ဖြန့်ဝေပေးနေတဲ့ နေရာကို ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းသားတွေဟာ မေ ၂၇ ရက်က ၀င်ရောက်စီးနင်းခဲ့ကြတဲ့ ဗွီဒီယိုဖိုင်ဟာ စိတ်နှလုံး ထိခိုက်ကြေကွဲစရာ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောပါတယ်။
အစ္စရေးစစ်တပ်က ပြောတာကတော့ မကြာသေးခင် သီတင်းပတ်တွေအတွင်း အနီးအနားတဝိုက်မှာ အကူအညီပေးရေး နေရာ ၄ ခုကို တည်ထောင်ထားပြီး ၂ ခုကို ရာဖာဒေသမှာ အင်္ဂါနေ့က စတင်ခဲ့ကြောင်းနဲ့ ဂါဇာကမ်းမြောင်ရှိ ထောင်ပေါင်းများစွာသော မိသားစုတွေဆီ အစားအသောက်ထုပ်တွေ ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။
၃ လနီးပါးကြာ အစ္စရေးတို့ ပိတ်ဆို့ထားမှုအပြီး စစ်ပွဲကြောင့် ပျက်စီးသွားတဲ့နယ်မြေကို ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်းက အစားအစာပေါင်း ၄၆၂,၀၀၀ နဲ့ညီမျှတဲ့ အစားအသောက် သေတ္တာ ၈,၀၀၀ လောက်ကို အင်္ဂါနေ့ မွန်းလွဲပိုင်းအထိ ဝေငှပေးခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ပါလက်စတိုင်းလူအုပ်ကြီးဟာ အကူအညီတွေကို လက်ခံရယူဖို့ ခြေလျင်၊ မြင်းလှည်းတွေနဲ့ အပြေးအလွှား ရောက်ရှိလာကြပြီး ဖြန့်ဖြူးရေးနေရာမှာ ကြိတ်ကြိတ်တိုး စုပြုံနေကြပါတယ်။
ဒါပေမဲ့ ပါလက်စတိုင်းပြည်သူတွေဟာ အစားအသောက်အတွက် စိုးရိမ်မှုတွေ အပါအဝင် အစ္စရေးက လုပ်ဆောင်မယ်လို့ ပြောထားတဲ့ ဘိုင်အိုမက်ထရစ်စနစ်နဲ့ တခြား စစ်ဆေးမှုတွေကိုတောင် အရေးမထားတော့ဘဲ တောင်ပိုင်းမြို့တော် ရာဖာရှိ အကူအညီတွေ ဖြန့်ဝေပေးနေတဲ့နေရာတွေဆီ ဝင်ရောက်စီးနင်းခဲ့ကြတာပါ။
ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ဖောင်ဒေးရှင်းကို သပိတ်မှောက်ထားတာ ဖြစ်ပြီး လိုအပ်မှုအပေါ် အခြေခံပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အစွဲမထားဘဲ ဖြန့်ဝေပေးသင့်တယ် ဆိုတဲ့မူကို ပျက်ပြားစေတာကြောင့်လို့ ဆိုပါတယ်။
အစ္စရေးနဲ့ ဂါဇာ လူသားချင်း စာနာထောက်ထားမှု ဖောင်ဒေးရှင်းတို့က ဟားမတ်စ်ဟာ အရပ်သားတွေကို အကူအညီဖြန့်ဖြူးရေးစင်တာဆီ ရောက်မလာအောင် ပိတ်ဆို့ဖို့ ကြိုးစားခဲ့တယ်လို့ ပြောထားပြီး အဲဒီစွပ်စွဲချက်ကို ဟားမတ်စ်က ငြင်းဆိုထားပါတယ်။
Source: Reuters