Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံး
DVB
·
May 27, 2025
Photo: REUTERS/Mahmoud Issa

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက မေ ၂၆ ရက်က တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၄၅ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားပြီး အသေအပျောက်တွေကို ဂါဇာစီးတီးရှိ ဆေးရုံတရုံကို ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေကို ဆေးမှူးတွေက နယ်မြေခံဆေးရုံကို ပို့ဆောင်ပေးခဲ့ချိန်မှာ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို သူတို့ဆွေမျိုးတွေ ဝမ်းနည်းပူဆွေး ငိုကြွေးနေတာကို ရိုက်တာ သတင်းဌာနရဲ့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။

အစ္စရေးဟာ မေလအစောပိုင်းမှာပဲ နယ်မြေအတွင်း စစ်ရေးစစ်ဆင်ရေးတွေကို အရှိန်မြှင့်ခဲ့ပြီး သူတို့ဟာ ဟားမတ်စ်စစ်တပ်နဲ့ အုပ်ချုပ်နိုင်စွမ်းကို ချေမှုန်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ကျန်နေသေးတဲ့ ဓားစာခံတွေကို ပြန်ခေါ်လာဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်လို့ ပြောကြားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံတွေကို ကမ်းရိုးတန်းဒေသတွေနဲ့ တောင်ပိုင်း ခန်းယိုနစ်မြို့ တဝိုက်ရှိ နယ်မြေကျဉ်းကျဉ်းထဲကို အတင်းတွန်းပို့ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေး အသိုင်းအဝိုင်းထဲကို ဝင်ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၁,၂၀၀ လောက်ကို သတ်ဖြတ်ကာ လူပေါင်း ၂၅၀ ကျော်ကို ဓားစာခံ ဖမ်းဆီးသွားတဲ့ ဟားမတ်စ် ဦးဆောင်တဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ ရမ်းကား အကြမ်းဖက်မှုကို အစ္စရေးရဲ့ လက်တုံ့ပြန် စစ်ဆင်ရေးကြောင့် ဂါဇာဒေသလည်း ပျက်စီးသွားပြီး နေထိုင်သူအားလုံးလည်း သူတို့နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေရဲ့ အဆိုအရ အဲဒီပဋိပက္ခကြောင့် ပါလက်စတိုင်း ၅၄,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ကမ်းမြောင်ဒေသလည်း ပျက်စီးသွားကာ ဆိုးရွားပြင်းထန်တဲ့ အာဟာရချို့တဲ့မှု လက္ခဏာတွေ ပျံ့နှံ့နေကြောင်းလည်း အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013