Home
နိုင်ငံတကာ
ဂါဇာကမ်းမြောင် ၇၇ ရာခိုင်နှုန်းကို အစ္စရေး ထိန်းချုပ်ထား
DVB
·
May 26, 2025
Photo: Reuters

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ရဲ့ ၇၇ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့အကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက မေ ၂၅ ရက်မှာ ပြောခဲ့တယ်လို့ တူရကီအခြေစိုက် အနာဒိုလူ သတင်းဌာနက ဖော်ပြပါတယ်။

ကွင်းဆင်းအချက်အလက်နဲ့ စိစစ်ပြီး သုံးသပ်ချက်အရ အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင် ဒေသ စုစုပေါင်း ပထဝီဝင်ဧရိယာရဲ့ ၇၇ ရာခိုင်နှုန်းကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်နေပြီဆိုတာ ဖော်ပြနေပါတယ်လို့ ဂါဇာအစိုးရမီဒီယာရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဂါဇာမြို့တော်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းအဆောင်တခုကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင် ပါလက်စတိုင်း ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက မေ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ်မှာ ဥရောပနဲ့ အာရပ်ဒေသတွေက နိုင်ငံပေါင်း ၂၀ က နိုင်ငံခြားရေးဝန်ကြီးတွေ စည်းဝေးခဲ့ပြီး အစ္စရေးနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရေး ထည့်သွင်းစဉ်းစားဖို့ စပိန်က ကမ္ဘာကို တိုက်တွန်းထားပါတယ်။

ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေက အစ္စရေးရဲ့ အဓိက ဘန်ဂူရီအွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ ဒုံးကျည်ကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုး ၅၃,၉၃၉ ယောက်ထက်မနည်း သေဆုံးပြီး ၁၂၂,၇၉၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူပေါင်း ထောင်ချီ သေဆုံးသွားပြီလို့ ယူဆထားလို့ အစိုးရသတင်းမီဒီယာရုံးက သေဆုံးသူဦးရေ ၆၁,၇၀၀ ကျော်ရှိပြီလို့ ကြေညာထားပါတယ်။

အစ္စရေးစစ်တပ်က တိုက်ရိုက် မြေပြင်ထိုးစစ်တွေအတွင်း လူနေအိမ်တွေနဲ့ အရပ်ဘက်ဒေသတွေမှာ သူတို့ရဲ့တပ်ဖွဲ့တွေကို ဖြန့်ကျက်ခြင်း၊ ပါလက်စတိုင်းလူမျိုးတွေရဲ့ နယ်မြေတွေ မြေကွက်တွေနဲ့ ပိုင်ဆိုင်မှုတွေကို အပြင်းအထန် ပစ်ခတ်ခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခြင်းတွေကနေ တဆင့် ထိန်းချုပ်နိုင်တယ်လို့လည်း ဂါဇာအစိုးရမီဒီယာရုံးက ပြောပါတယ်။

အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရေး၊ လူမျိုးရေး သုတ်သင်မှု၊ စနစ်တကျ လူမျိုးတုံးသတ်ဖြတ်မှု၊ ကိုလိုနီစနစ်နဲ့ အင်အားသုံး အခြေချနေထိုင်တဲ့ အစ္စရေးရဲ့ အစီအစဉ်တွေကို အပြင်းအထန် ရှုတ်ချတယ်လို့လည်း ဂါဇာမီဒီယာရုံးက ပြောပါတယ်။

ဂါဇာက လူမျိုးတုံးသတ်ဖြတ်မှု ရာဇ၀တ်မှုတွေအတွက် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ အပါအဝင် အစ္စရေးနဲ့ သူ့ကိုထောက်ခံသူတွေမှာ အပြည့်အဝ တာဝန်ရှိတယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013