Home
မြန်မာသတင်း
မြင်းမထိတောင် သတ္တုတူးဖော်မှု အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန် တောင်းဆို
DVB
·
May 26, 2025

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မြင်းမထိဒေသအတွင်း မြင်းမထိတောင် သတ္တုတူးဖော်မှုကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားဖို့ ဒေသခံတွေက သက်ဆိုင်ရာတွေဆီ မေ ၂၅ ရက်မှာ လက်မှတ်ထိုး တောင်းဆိုထားပါတယ်။

မေ ၂၀ ရက်က ပရာဒေါင်းဆွေမျိုးစုနဲ့ လေးပွင့်ကြယ်ကုမ္ပဏီအကြား ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပမာဏသဘောတူညီချက် ၇ ချက် ရရှိခဲ့ကြပြီး အချက်တချက်ဖြစ်တဲ့  မေ ၂၆ ရက်မှာ ကယန်းပြည်သစ် ဗဟိုဌာနချုပ်မှာ ဆက်ပြီး ဆွေးနွေးမယ် ဆိုတာကို ရပ်နားထားဖို့နဲ့ မြင်းမထိတောင် သတ္တုတူးဖော်မှုကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားဖို့ ဒေသခံတွေဘက်က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ပရာဒေါင်းလူငယ်တယောက်က “ဒီသဘောတူညီချက် ၇ ချက်က လေးပွင့်ကြယ်ကုမ္ပဏီနဲ့ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီ တခုလုံးအပြင် ပရာဒေါင်းဆွေမျိုးစုကော်မတီတွေရဲ့ သဘောတူညီချက်သာ ဖြစ်တယ်။ ဒါ လူထုရဲ့ဆန္ဒမပါဘူး” လို့ DVB ကို ပြောပါတယ်။

မေ ၂၀ ရက်က ဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို လူထုရဲ့ သဘောထားပြန်ယူဖို့နဲ့ လူထုက ဆုံးဖြတ်မှာဖြစ်တယ်လို့ ပရာဒေါင်းဆွေမျိုးစုကော်မတီဘက်က ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ပရာဒေါင်းဆွေမျိုးစုကော်မတီ တာဝန်ရှိသူတယောက်က “ဒါ အဓိက လူထုရဲ့ တောင်းဆိုချက်ပေါ့နော်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူထုတွေ့ဆုံပွဲတရပ် ကျင်းပတော့ လူထုက အကန့်အသတ်မရှိ ရပ်ဆိုင်းပေးပါဆိုတဲ့ တောင်းဆိုချက်ကို ဒါ အားလုံးက လူထုက ဆုံးဖြတ်တာပါ။ ကျနော်တို့ ဆွေမျိုးစုကော်မတီက ဆုံးဖြတ်တာမဟုတ်ဘဲ လူထုရဲ့ သဘောထားကို ယူပြီးတော့မှ ဒီစာကို ပြန်တင်ထားတာပါ” လို့ ပြောပါတယ်။

အချက် ၇ ချက်ကို လူထုကို ပြန်လည်ချပြန်ချိန်မှာ ပြည်သူလူထုဘက်က မြင်းမထိတောင် သတ္တုတူးဖော်မှုကို ဆက်လက်မလုပ်ကိုင်စေလိုတာကြောင့် ကန့်ကွက်လိုက်တာလို့ ဆိုပါတယ်။

အချက် ၇ ချက်မှာတော့ လေးပွင့်ကြယ်ကုမ္ပဏီက လုပ်ငန်းတိုးချဲ့ အကောင်အထည်ဖော်တာမှာ ဆွေမျိုးစုကော်မတီဝင်တွေနဲ့ အဓိက အကျေအလည်ဆွေးနွေးဖို့၊ ပရာဒေါင်းဆွေမျိုးစုဘက်က ကယန်းပြည်သစ်ပါတီရဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်တာ မလုပ်ဖို့လည်း ပါရှိပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် ပြဿနာမကြီးထွားလာစေဖို့နဲ့ မြင်းမထိတောင်ကိစ္စ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ပွင့်လင်းမြင်သာစွာ လက်တွဲဆောင်ရွက်သွားဖို့၊ အပြီးသတ် သဘောတူညီမှုမရသေးတဲ့ ကာလထဲ သတင်းအချက်အလက် ဖြန့်ဝေတာတွေကို နှစ်ဖက်လုံးက စောင့်စည်းပေးဖို့အချက်တွေ ပါဝင်ပါတယ်။

မြင်းမထိတောင်ဟာ ပရာဒေါင်းဆွေမျိုးစုတွေ ပိုင်ဆိုင်တဲ့တောင် ဖြစ်ပေမဲ့ လေးပွင့်ကြယ်ကုမ္ပဏီက လူထုဆန္ဒသဘောထား မပါဘဲ တရုတ် မစ္စတာဝမ်ကုမ္ပဏီနဲ့ ခဲသတ္တု အကြီးစားလုပ်ငန်းတူးဖော်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စက်ယန္တရားကြီးတွေ ရောက်လာမှ ဒေသခံတွေက သိရတာလို့ ဆိုပါတယ်။

အဲဒီနောက် ကိုဗစ်ကာလနဲ့ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် လုပ်ငန်းကို ပြန်ရပ်နားလိုက်တာကနေ ဒီနှစ် ဧပြီလမှာ ပြန်လည်လုပ်ကိုင်လို့ ပရာဒေါင်းဆွေမျိုးစုတွေဘက်က မေ ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် မြင်းမထိတောင်မှာ သတ္တုတူးနေတာကို ပရာဒေါင်းဆွေမျိုးစုတွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပေမဲ့ ကယန်းပြည်သစ်ပါတီက ဆွေမျိုးစုခေါင်းဆောင်တွေကို မေ ၁၆ ရက်မှာ ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီနောက် မေ ၂၀ ရက်မှာ ကယန်းပြည်သစ်ပါတီက ဗဟိုကော်မတီတွေနဲ့ ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီဝင် ၁၅ ယောက်တို့ တွေ့ဆုံဆွေးနွေးကြပြီးနောက်မှာ ဖမ်းဆီးခံရတဲ့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးဘမောင်၊ လူငယ်အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နဲ့ နာယက ဦးအားဒိုတို့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013