Home
မြန်မာသတင်း
ချန်းရီဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမားများ အလုပ်ရှင်နှင့် သဘောတူညီမှုရ
DVB
·
May 21, 2025

တရက်လုပ်ခ အပါအဝင် အချိန်ပိုကြေး၊ ရက်မှန်ကြေးနဲ့ လုပ်သက်ဆုကြေးတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ချန်းရီ ဖိနပ်စက်ရုံက အလုပ်သမားတွေ မေ ၂၀ ရက် ည ၆ နာရီက အလုပ်ရှင်နဲ့ ပြေလည်မှု ရရှိသွားပြီလို့ သိရပါတယ်။

လုပ်ခတိုးမြှင့်ပေးရေးအတွက် ၇ ရက်တိုင် ဆန္ဒပြ တောင်းဆိုခဲ့တဲ့ ချန်းရီဖိနပ်စက်ရုံက အလုပ်သမား ၆,၀၀၀ ကျော်ရဲ့ တောင်းဆိုမှုတွေကို မနေ့ညက အလုပ်ရှင်က လိုက်လျောခဲ့လို့ ပြေလည်မှု ရခဲ့တာလို့ အလုပ်သမားတယောက်က ပြောပါတယ်။

“အလုပ်သမားတွေ လူညီလို့ရတာ။ ချန်းရီစက်ရုံကိစ္စကို အလုပ်သမားဒုဝန်ကြီး လာရှင်းတာတောင် မရဘူး။ အလုပ်သမားတွေက တောင်းဆိုချက်တွေ မပေးမချင်း လုပ်ငန်းခွင် မဝင်ဘူးလုပ်မှ အလုပ်ရှင်က တောင်းဆိုချက်တွေ သဘောတူတာ။ အလုပ်သမားတွေဘက်က ဆန္ဒပြတဲ့ ၇ ရက်မှာ ၄ ရက်ကို လစာအဖြတ်ခံမယ်။”

မေ ၂၀ ရက် ညနေ ၅ နာရီက ချန်းရီဖိနပ်စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ တွေ့ဆုံပြီး တောင်းဆိုချက်တွေ သဘောတူညီချက်ရကာ မေ ၂၁ ရက် လုပ်ငန်းခွင် ပြန်ဝင်ရမှာလို့ အလုပ်သမားတယောက်က ပြောပါတယ်။

“Day ကြေးက အရင်က ကျပ် ၅,၂၀၀ ကနေ ၅,၈၀၀ ပေးတယ်၊ ထောက်ပံ့ကြေး ကျပ်  ၅,၀၀၀ တိုးတောင်းတာ စက်ရုံဘက်က ၅,၀၀၀ တော့မပေးဘူး၊ ၃,၈၀၀ တိုးပေးတယ်။ တလကို တသိန်းကျော်ပေါ့။ အဲဒီထဲမှာ စက်ရုံက ထောက်ပံ့မယ့် ဆန်၊ ဆီဖိုး မပါဘူး။ အချိန်ပိုကြေး ၁,၆၃၆ ကနေ ၁,၈၂၅ တိုးပေးတယ်။ ရက်မှန်ကြေး ၂၀,၀၀၀ ကနေ ၄၀,၀၀၀ တောင်းတာ ပေးတယ်။ ဒါပေမဲ့ တရက်ပျက်ရင် ၄,၀၀၀ ဖြတ်မယ်။  ၂ ရက်ပျက်ရင် ၁၁,၀၀၀၊ ၃ ရက်ပျက်ရင် ၂၄,၀၀၀၊  ၄ ရက်ပျက်ရင် အဲဒီ ၄၀,၀၀၀ လုံး ဖြတ်မှာ။”

ချန်းရီဖိနပ်စက်ရုံက အလုပ်သမားတွေဟာ တရက်လုပ်ခ၊ ထောက်ပံ့ကြေး၊ အချိန်ပိုကြေးနဲ့ ရက်မှန်ကြေးတွေကို မေ ၁၄ ရက်ကစပြီး လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

နာမည်ကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်တွေ ထုတ်လုပ်နေတဲ့ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ ချန်းရီဖိနပ်စက်ရုံဟာ ထိုင်ဝမ်နိုင်ငံသားတယောက် ပိုင်ဆိုင်ပြီး ဝန်ထမ်း ၆,၂၉၆ ယောက်နဲ့ လည်ပတ်နေတဲ့စက်ရုံ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013