Home
မြန်မာသတင်း
Golden Colour Fashion စက်ရုံပိုင်ရှင်နှင့် အပြန်အလှန်တရားစွဲဆိုမှု နှစ်ဖက် ကျေအေး
DVB
·
May 19, 2025

Golden Colour Fashion အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် တရားစွဲဆိုထားတာကို နှစ်ဖက်ညှိနှိုင်းပြီး ပြေလည်မှုရရှိသွားတယ်လို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

အဲဒီစက်ရုံရဲ့ ပိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသားက လိုင်းစာရေး အမျိုးသမီးလုပ်သားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာကြောင့် အလုပ်သမားဘက်က တရားစွဲခဲ့သလို စက်ရုံက ကောင်းမွန်သူဖြစ်ကြောင်း အလုပ်သမားတွေကို ဖိအားပေး လက်မှတ်ရေးထိုးခိုင်းတဲ့အကြောင်း လူမူကွန်ရက်မှာ တင်လို့ဆိုပြီး သူ့ကို တရားစွဲထားသူ အပါအဝင် အလုပ်သမားသမဂ္ဂခေါင်းဆောင် ၄ ယောက်နဲ့ STUM တို့ကို ပြန်လည်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အပြန်အလှန် တရားစွဲဆိုတာတွေနဲ့ ပတ်သက်လို့ မေ ၁၈ ရက်မှာ စက်ရုံမှူး အပါအဝင် စက်ရုံတာဝန်ရှိသူတွေနဲ့ စက်ရုံသမဂ္ဂတို့ နှစ်ဖက်ညှိနှိူင်းပြီးတဲ့နောက် ပြေလည်မှုရရှိခဲ့တာလို့ STUM က ထုတ်ပြန်ထားပါတယ်။

STUM တာဝန်ရှိသူတယောက်က “နှစ်ဖက်ညှိပြီး သဘောတူညီတဲ့အချက်တွေ လက်မှတ်ထိုးတယ်။ အလုပ်ထုတ်ထားတဲ့ အလုပ်သမားကိုလည်း အလုပ်ပြန်ဝင်ခွင့်ပေးတယ်” လို့ ပြောပါတယ်။

နှစ်ဖက်ညှိနှိုင်းရာမှာ လက်ရှိ စွဲဆိုထားတဲ့ အမှုတွေကို နှစ်ဖက်လုံး (ခြွင်းချက်မရှိ) ပိတ်သိမ်းဖို့၊ လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့၊ စက်ရုံရှိ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုဖို့ သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီသဘောတူညီချက်တွေအတိုင်း အကောင်အထည်ဖော်မယ့် ရလဒ်ကို စောင့်ကြည့်သွားမှာဖြစ်ပြီး နောက်ပိုင်း နှစ်ဖက် ချိုးဖောက်မှုတွေရှိရင် ညှိနှိုင်းအဖြေရှာတဲ့ ချဉ်းကပ်မှုကို ဦးစားပေး ရွေးချယ်ကာ ညှိနှိုင်းမရရင် တည်ဆဲဥပဒေအတိုင်း ဆက်လက်ဖြေရှင်းမယ်လို့လည်း STUM က ဆိုပါတယ်။

အလုပ်သမားနဲ့ အငြင်းပွားမှုရှိခဲ့တဲ့ စက်ရုံပိုင်ရှင်ကို အင်းစိန်မြို့နယ် လဝက ကလည်း တရားစွဲထားကာ အင်းစိန်ထောင်မှာ ဖမ်းဆီးထားပြီး အဲဒီအမှုအခြေအနေနဲ့ပတ်သက်လို့ မသိရသေးဘူးလို့ Golden Colour Fashion စက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013