
အင်အားပြင်း စစ်ကိုင်းငလျင်ကြီး သက်ရောက်တဲ့ ဧရိယာမှာ နေထိုင်ကြတဲ့ အလုပ်သမား ၃ သန်းခွဲလောက်ဟာ နေ့စဉ် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၈ သန်းလောက် ဝင်ငွေဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ခန့်မှန်းထားပါတယ်။
ILO သုတေသနအရ ဒီဒေသက အလုပ်သမားတွေ အလုပ်ပြန်မလုပ်နိုင်ဘူးဆိုရင် ဒါမှမဟုတ် တခြားနေရာမှာ အလုပ်သစ် မရှာနိုင်ဘူးဆိုရင် တနှစ်ကို စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံအထိ လျှော့ကျသွားနိုင်တယ်လို့ မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ထိရောက်တဲ့ လူမှုကာကွယ်ရေးစနစ်မရှိတဲ့အတွက် လူသားချင်းစာနာမှုအနေနဲ့ အရေးပေါ်ငွေသားထောက်ပံ့မှုမျိုး အလျင်အမြန်လိုအပ်နေတယ်လို့ ILO က သုံးသပ်ပါတယ်။
ဒါကြောင့် အလုပ်အကိုင်တွေ၊ အသက်မွေးဝမ်းကျောင်းတွေ ပြန်လည်ထူထောင်နိုင်ရေး အရေးပေါ်အကူအညီတွေ ပေးအပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီး မလှုပ်ခင်ကတည်းက၊ မန္တလေးမြို့ဟာ စက်မှုကုန်ထုတ်လုပ်မှု လျှော့ကျလာမှု၊ လုပ်သားအင်အားစုပါဝင်မှု လျှော့ချခံရမှုတွေကြောင့် ဆင်းရဲမွဲတေမှုနှုန်းတိုးပွားမှု အမြင့်ဆုံးနေရာဖြစ်ခဲ့တယ်လို့လည်း ILO က သုံးသပ်ပါတယ်။
ဂြိုဟ်တုအချက်လက်တွေနဲ့ အလုပ်သမားအင်အားစုစစ်တမ်းအချက်အလက်တွေကို ပေါင်းစပ်ပြီး သက်ရောက်ဧရိယာအခြေအနေကို ကနဦးခန့်မှန်းတွက်ချက်တာဖြစ်ပါတယ်။
ဒီဆန်းသစ်တဲ့ ချဉ်းကပ်ပုံကြောင့် အသက်မွေးကျောင်းမှုတွေအပေါ် ဘယ်လောက် သက်ရောက်သွားသလဲဆိုတာ အချိန်နဲ့တပြေးညီ ဆန်းစစ်နိုင်သလို၊ အရေးပေါ်တုံ့ပြန်ဖို့ အတွက်သာမက အလုပ်သမားစျေးကွက်မှု အလုပ်သမားတွေ ပြန်ခြေချနိုင်ရေး ကာလ- လတ် အကူအညီတွေ ပေးနိုင်ရေးမှာပါ လမ်းညွှန်ပေးနိုင်မယ်လို့ ILO က မျှော်လင့်ထားပါတယ်။
ဒါ့အပြင် ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေ ပြန်လည်ဖယ်ရှားတာ၊ ပြန်လည် တည်ဆောက်တာမျိုးတွေကို ဦးစားပေးတဲ့ စီမံချက်တွေ အကောင်အထည်ဖော်ပေးခြင်းအားဖြင့် အလုပ်ကိုင်တွေ ဖန်တီးပေးဖို့လည်း တိုက်တွန်းထားပါတယ်။