Home
မြန်မာသတင်း
အလုပ်ရှင်က လုပ်အားခ ကျပ် ၉၀၀ သာတိုးပေးသဖြင့် ချန်းရီဖိနပ်စက်ရုံလုပ်သားများ ထပ်မံဆန္ဒပြ
DVB
·
May 19, 2025

လုပ်အားခတိုးမြှင့်ပေးဖို့ ဆန္ဒပြနေတဲ့ ချန်းရီဖိနပ်စက်ရုံအလုပ်သမားတွေကို အလုပ်ရှင်က လုပ်ခလစာ ကျပ် ၉၀၀  သာတိုးပေးလို့ မေ ၁၉ ရက် ဒီနေ့မနက်မှာ အလုပ်သမား ၆,၀၀၀ ကျော် လုပ်ငန်းခွင်မဝင်ဘဲ ဆက်လက်ဆန္ဒပြကြပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အနော်ရထာစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ ချန်းရီ ဖိနပ်စက်ရုံ အလုပ်သမား ၆,၀၀၀ ကျော်ဟာ အခြေခံလစာ တရက်လုပ်အားခ အပါအဝင် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုချက် ၄ ချက်ကိုတောင်းဆိုတဲ့အနေနဲ့  မေ ၁၄ ရက်ကစပြီး လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြတောင်းဆိုခဲ့တာပါ။

အလုပ်ရှင်က အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောမယ်လို့ ပြောဆိုခဲ့ပြီး အလုပ်သမားတွေ စက်ရုံရောက်တဲ့အခါမှာ တောင်းဆိုချက် ၄ ချက်မှာ ငွေကျပ် ၉၀၀ သာရလို့ ဆက်လက်ဆန္ဒပြကြတာလို့ အလုပ်သမားတယောက်က DVB ကို ပြောပါတယ်။

“တောင်းဆိုချက် ၄ ချက် တောင်းတာ။ တခုမရဘူး။ တရက်ကို အလုပ်သမားတယောက်ကို စက်ရုံက ၅,၂၀၀ ပေးတယ်။ ထောက်ပံ့ကြေးနဲ့ပေါင်းလိုက်ရင် ၇,၂၀၀ ရတယ်။ အဲဒါကို အခုကုန်ဈေးနှုန်းနဲ့ တရက် ၁၂,၀၀၀ ပေးဖို့တောင်းတာ စက်ရုံက ၉၀၀ ပဲ တိုးပေးတယ်။ အိုတီကို ၁ နာရီ ၁,၆၅၀ ကနေ ၂၀၀၀ တိုးပေးဖို့ဆိုတာလည်း မတိုးပေးဘူး။ အဲဒါကြောင့် ဆန္ဒပြတာ။”

မေ ၁၇ ရက်က ချန်းရီဖိနပ်စက်ရုံမှာ အလုပ်ရှင် ထိုင်ဝမ်သူဌေးနဲ့ အလုပ်သမားကိုယ်စားလှယ် ၉ ယောက်၊ မြို့နယ်ညှိုနှိုင်းဖျန်ဖြေရေးအဖွဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် အလုပ်ရှင်ဘက်က ပြေလည်ပြီဆိုကာ အလုပ်သမားတွေကို မေ ၁၉ ရက်မှာ လုပ်ငန်းခွင်ဝင်ဖို့ ပြောဆိုခဲ့တာလို့ အလုပ်သမားတယောက်က DVB ကို ပြောပါတယ်။

“အဲဒီနေ့က ပြေလည်ပြီဆိုတော့ အလုပ်သမားတွေက သူတို့တောင်းဆိုထားတာ ရပြီထင်ပြီး အလုပ် လာဆင်းကြတာ။ ဒီရောက်တော့ အလုပ်ရှင်ဘက်က လိုက်လျောပေးတာ တခုမှမရှိဘူး။ တိုးပေးတဲ့ ၉၀၀ တောင် နိုင်ငံတော်က တရက်လုပ်ခတိုးရင် ပြန်ဖြုတ်မယ် ပြောတယ်။ အလုပ်သမားတွေ အခုချိန်ထိ ဆန္ဒပြတောင်းဆိုတုန်း။”

အနော်ရထာစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်ထားတဲ့ ချန်းရီ (Tsang Yih) ဖိနပ်စက်ရုံဟာ ထိုင်ဝမ်နိုင်ငံသား Mr. Liao Jung Ta ပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား အမျိုးသား၊ အမျိုသမီးဝန်ထမ်း ၆,၂၉၆ ယောက်နဲ့ လည်ပတ်နေတဲ့စက်ရုံလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013