Home
မြန်မာသတင်း
လုပ်ခတိုးပေးရန် ဆန္ဒပြနေသည့် True Green အလုပ်သမားများ ၈၀၀၀ ကျပ်ဖြင့် ပြေလည်မှုရ
DVB
·
May 24, 2025

တရက်လုပ်ခ (ဒေးကြေး) ကျပ် ၁၀,၀၀၀ ရရှိဖို့ တောင်းဆိုဆန္ဒပြနေကြတဲ့ True Green ကော်စေ့စက်ရုံမှ အလုပ်သမားတွေဟာ ၈၀၀၀ ကျပ်နဲ့ ညှိနိူင်းကာ ပြေလည်သွားပြီလို့ အဲဒီစက်ရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ True Green စက်ရုံအလုပ်သမားတွေက လက်ရှိ ဒေးကြေး ၆,၈၀၀ ကျပ်အစား ၁၀,၀၀၀ ကျပ်ပေးဖို့နဲ့ ရက်မှန်ကြေးကို ရှေ့ ၁၅ ရက်ပျက်ရင် ၁၅,၀၀၀ ကျပ်၊ နောက် ၁၅ ရက်ပျက်ရင် ၁၅,၀၀၀ ကျပ်ဖြတ်ဖို့ကို လုပ်ငန်းခွင်မဝင်ဘဲ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေအနေနဲ့ မေ ၂၀ ရက်ကစလို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး ၄ ရက်အကြာမှာ ရန်ကုန်တိုင်းပေါင်းစပ်အဖွဲ့ရဲ့ ညှိနိူင်းပေးတဲ့ ဒေးကြေး ၈,၀၀၀ ကျပ်နဲ့ နှစ်ဖက်သဘောတူညီမူရသွားတာလို့ အလုပ်သမားတွေဘက်က ကူညီပေးနေသူတယောက်က ပြောပါတယ်။

“အလုပ်သမားတွေ တောင်းဆိုဆန္ဒပြခဲ့တာ ဒီနေ့ (မေ ၂၃ ) ညပိုင်းမှာ စက်ရုံဘက်က ဒေးကြေး ၈,၀၀၀ ကျပ်ပေးဖို့ သဘောတူညီမှုရရှိတယ်။ အလုပ်ရှင် အလုပ်သမား နှစ်ဘက်သဘောတူစာချုပ်ကို ချုပ်နိုင်ခဲ့ပါတယ်။”

နှစ်ဖက်သဘောတူညီချက်အရ အလုပ်ရှင်မှ အရင်ပေးချေတဲ့ တနေ့လုပ်ခ ၄၈၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး ၂,၀၀၀ ကျပ်အစား နောက်ထက် ထောက်ပံ့ကြေး ၁,၀၀၀ ကျပ်နဲ့ အလုပ်တက်ကြေး ၂၀၀ ကျပ် စုစုပေါင်း ၈၀၀၀ ကျပ်ပေးမယ်ဆိုတာကို အလုပ်သမားတွေက လက်ခံလိုက်တာဖြစ်ပါတယ်။

အလုပ်တက်ကြေး ၂၀၀ ကျပ်မှာ အလုပ်တက်ရက်၊ အလုပ်ဖွင့်ရက်ကိုပဲ ပေးချေတာ ဖြစ်ပြီး အလုပ်ပျက်ရင် ဖြတ်တောက်မှာဖြစ်သလို အလုပ်ရှင်ရဲ့ ပျက်ကွက်မှုကြောင့် အလုပ်ပိတ်တာ၊ အလုပ်ရပ်တာတွေရှိရင် ဖြတ်တောက်မှာမဟုတ်တဲ့အကြောင်း သဘောတူညီခဲ့တာလို့ဆိုပါတယ်။

အဲဒီသဘောတူညီချက်အတိုင်း ပေးချေတာကို ဇွန် ၁ ရက်မှာ စတင်မှာဖြစ်သလို ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်နဲ့ ပတ်သက်လို့ တလလုံး ၁ ရက်ပျက်ကွက်ရင် ၁၅,၀၀၀ ကျပ် ဖြတ်တောက်ပြီး ၂ ရက် ပျက်ကွက်ရင် အကုန်မရရှိကြောင်း သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ တနှစ်အတွင်း ထပ်မံတောင်းဆိုခြင်း မပြုလုပ်ဖို့နဲ့ သဘောတူ ညီချက်စာချုပ်မှာ အကျုံးဝင်တဲ့ ကာလအနေနဲ့  ၂၀၂၆ ခု မေလ ၃၁ ရက်အထိ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013