Home
နိုင်ငံတကာ
ယူကရိန်းနှင့် စစ်သုံ့ပန်းလဲမှု ပြီးဆုံးပြီဟု ရုရှား ပြော
DVB
·
May 26, 2025
Photo: REUTERS/Valentyn Ogirenko

ရုရှားနဲ့ ယူကရိန်းတို့ ၃ ရက်ကြာ စစ်သုံ့ပန်းလဲလို့ ပြီးဆုံးခဲ့ပြီး တဖက်နဲ့တဖက် ထိန်းသိမ်းခံထားရသူ ၃၀၃ ယောက်ကို မေ ၂၅ ရက်မှာ အပြန်အလှန် လဲလှယ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါကြောင့် အစ္စတန်ဘူလ်မှာ မေလ ၁၆ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ ရုရှား-ယူကရိန်း သဘောတူညီချက်အရ မေလ ၂၃ ရက်ကနေ မေလ ၂၅ ရက်အထိ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်တို့ဟာ တဖက်ကို စစ်သုံ့ပန်း လူ ၁,၀၀၀ စီ လဲလှယ်ရေး ဖော်မြူလာနဲ့ လဲလှယ်ခဲ့ကြတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ ပျက်ကွက်ခဲ့တဲ့ ၃ နှစ်ကျော် ကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေအကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုကနေ အကျဉ်းသား အယောက် ၁,၀၀၀ စီ လဲဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူခဲ့တာပါ။ ဒါဟာ ဒီကာလအတွင်း တခုတည်းသော ခိုင်မာတဲ့ ခြေလှမ်းဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အသေအပျောက်အများဆုံး စစ်ပွဲမှာ နှစ်ဖက်စလုံးကနေ ရာထောင်ချီတဲ့ စစ်သားတွေ ဒဏ်ရာရ၊ သေဆုံးခဲ့ကြတယ်လို့ ယုံကြည်ရပေမဲ့ နှစ်ဖက်စလုံးကနေ အသေအပျောက်စာရင်းကို အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။

ရုရှားတပ်တွေက ယူကရိန်းမြို့တွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ယူကရိန်းအရပ်သား သောင်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။

ရက် ၃၀ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ယူကရိန်းက သောကြာနေ့မှာ ထပ်ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော်လို့ စစ်ပွဲစတင်ခဲ့ပြီး အခု ယူကရိန်းရဲ့ပိုင်နက် ငါးပုံတပုံလောက်ကို သိမ်းပိုက်ထားတဲ့ ရုရှားက သူတောင်းဆိုထားတဲ့ အခြေအနေတွေ ပထမဆုံး ပြည့်မီလို့ မပြီးမချင်း တိုက်ပွဲတွေကို ခဏရပ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013