Home
နိုင်ငံတကာ
ရုရှားသမ္မတပူတင် အပစ်အခတ်ရပ်စဲရေး မလိုချင်ကြောင်း ယူကရိန်းပြည်သူများ ပြော
DVB
·
May 25, 2025
Photo: Sputnik/Mikhail Metzel/Pool via REUTERS

ရုရှား သမ္မတ ပူတင်ဟာ အပစ်အခတ်ရပ်စဲရေး မလိုချင်ကြောင်း ရုရှား လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ယူကရိန်းနိုင်ငံ ကိဗ်မြို့ခံတွေက ပြောပါတယ်။ 

ရုရှားဟာ မေ ၂၄ ရက်က ကိဗ်မြို့ကို ဒရုန်းနဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ 

“ရုရှားတွေ အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ကျနော် ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်က အပစ်အခတ်ရပ်စဲဖို့ ဆန္ဒမရှိပါဘူး။ ပူတင် သေဆုံးဖို့ ကျနော် ဆန္ဒရှိပါတယ်” လို့ အသက် ၆၄ နှစ်အရွယ် ဒေသခံတယောက်က ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်း ၂ နိုင်ငံ အကျဉ်းသား လဲလှယ်ပြီးနောက် နာရီပိုင်းအကြာမှာပဲ ဖြစ်ပွားခဲ့တာပါ။ ကိဗ်မြို့ တိုက်ခိုက်ခံရမှုကြောင့် ၄ နေရာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

ယူကရိန်းနဲ့ ရုရှားတို့ဟာ မေ ၁၆ ရက်နေ့က မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီး အကျဉ်းသား လဲလှယ်ရေးသာ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ 

ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ထိုးစစ်ရပ်တန့်ခြင်း မရှိတာကြောင့် ရုရှားဟာ ယူကရိန်းမှာ နယ်မြေတွေ ပိုပြီးရယူနိုင်ဖို့အတွက် ရုရှားသမ္မတပူတင်က အပစ်အခတ်ရပ်စဲရေးကို အချိန်ဆွဲနေတာဖြစ်ကြောင်း ဥရောပခေါင်းဆောင်တွေက ပြောထားပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးက မေ ၂၀ ရက်ကနေ မေ ၂၃ ရက်နေ့အထိ ယူကရိန်းရဲ့ ဒရုန်း ၇၈၈ စင်းကို ပစ်ချခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ 

ယူကရိန်းလေတပ်ကလည်း ဘယ်လစ်တစ်ဒုံး အပါအဝင် ဒရုန်း ၁၇၅ စင်းကို မေ ၂၂ ရက်မှာ ရုရှားနိုင်ငံက ပစ်လွှတ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ 

တနင်္လာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတပူတင်တို့ ၂ နာရီကြာ ဖုန်းပြောခဲ့ပြီး ဒီပြောဆိုမှုဟာ ကောင်းမွန်တဲ့ အချက်တွေရှိကြောင်း ထရမ့်ပ်က ပြောထားပါတယ်။ ဒါပေမဲ့ ရုရှား-ယူကရိန်း ၂ နိုင်ငံ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေက ဆက်ပြီး ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013