
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာမှာ မေ ၂၄ ရက် နေ့လယ်ပိုင်းက မြစ်ကမ်းပါးပြိုကျခဲ့လို့ လူနေအိမ် ၁၀ လုံးကျော် မြစ်ထဲ မျောခဲ့ရပြီး အိမ် ၃၀ ကျော်ကိုလည်း ချက်ချင်းဖျက်ပြီး ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်
ရန်ကင်းစံရာကျေးရွာဟာ ညောင်တုန်းမြို့အနီး မြစ်ကမ်းဘေးအနီးမှာရှိကြောင့် မြစ်ရေတိုက်စားပြီး ကမ်းပြိုကျခဲ့တာလို့ ဆိုပါတယ်
ညောင်တုန်းမြို့ခံတယောက်က “လူတွေ ထိခိုက်တာတော့မရှိဘူး။ အဲဒီရွာမှာက သစ်အိမ်၊ ဝါးအိမ်နဲ့ တိုက်အိမ်တွေ တည်ဆောက်ထားကြတာဖြစ်ပြီး အိမ်ကြီးအိမ်ကောင်းတွေလည်းရှိတော့ ချက်ချင်း ပြောင်းရွှေ့နေကြတယ်” လို့ ပြောပါတယ်
နီးစပ်ရာပရဟိတအဖွဲ့တွေကလည်း အချိန်မီရောက်လာကြပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေသလို မြစ်ကလည်း ရေစီးသန်ပြီး ကမ်းပါးတွေက ဆက်ပြိုနိုင်တာကြောင့် မြစ်ကမ်းထိန်းဖို့ လိုအပ်တာတွေလုပ်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်
ပန်းလှိုင်မြစ်ကြောတလျှောက်မှာ ရေအရင်းမြစ်ဌာနက မြစ်ကြောင်းထိမ်းသိမ်းရေးလုပ်ငန်းတွေ ပြုလုပ်နေပေမဲ့လည်း မြစ်ကမ်းပါးပြိုကျတာတွေ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။