Home
မြန်မာသတင်း
မြင်းခြံခရိုင်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်းသေ၊ လက်နက်မျိုးစုံရရှိ
DVB
·
May 25, 2025
Photo : 9/A Nyar Myae Operation

မန္တလေးတိုင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တို့မှာ မေ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ မြင်းခြံခရိုင် စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ နီးပါး သိမ်းဆည်းရရှိခဲ့တယ်လို့ 9/A Nyar Myae Operation က မေ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နွားထိုးကြီးမြို့နယ် ပကဖ တာဝန်ခံ ကိုနေသူရ က “9/A Nyar Myae Operation အနေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တဲ့နေရာမှာ ရန်သူဘက်က ၅၀ ထက်မနည်း သေဆုံးတယ်ဆိုတာ သိရတယ်။ လက်နက်မျိုးစုံကတော့ ၂၇ လက် သိမ်းဆည်းရရှိခဲ့တယ်။ သုံ့ပန်းတချို့ကိုလည်း အရှင်ဖမ်းမိခဲ့တာတွေရှိတယ်” လို့ ပြောပါတယ်။

မြင်းခြံခရိုင်စစ်ဆင်ရေးတိုက်ပွဲတွေကို မြင်းခြံခရိုင်စစ်ဌာနက ခရိုင်ကွပ်ကဲရေးမှူးရဲ့ စီမံကွပ်ကဲမှုနဲ့ နွားထိုးမြို့နယ် ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း (၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀)၊ မြင်းခြံခရိုင် Commando၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ ကျောက်ဆည်ခရိုင်Commando၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ နေပြည်တော်အမှတ် ၈၀၁ တပ်ရင်း၊ တံတားဦးမြို့နယ် ပကဖ၊ မိတ္ထီလာ ပကဖ က ရဲဘော်တွေ ပူးပေါင်းခဲ့တာလို့လည်း ဆိုပါတယ်။

9/A Nyar Myae Operation အတွင်း ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မြင်းခြံမြို့နယ်ထဲက ဆီမီးခုံရဲစခန်း၊  ကျောက်ပြုတ်ရွာပျူစောထီးစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ မြင်းခြံမြို့ပေါ်က ၁၈ ရပ်ကွက်နဲ့ ခရိုင်ထွေအုပ်ရုံး တွေအပြင် နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရဲစခန်း၊ ဂက်စ်ပိုက်လိုင်းနဲ့မြို့မစခန်း၊ ဇီကျေးရွာအနီးက စစ်ကောင်စီစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး တောင်သာမြို့နယ်ထဲက ထနောင်းကုန်းပျူကျေးရွာစခန်း၊ မြို့ဝင်ဂိတ်စခန်း၊ ဂက်စ်ပိုက်လိုင်းနဲ့ ငါန်းဇွန်မြို့နယ်ထဲက မြို့ဝင်ဂိတ်၊ မြို့သာဘဏ်က ကင်းစခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းခြံ ပကဖ) တာဝန်ခံ စိုင်းဂျာလူ က “၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိဆိုတော့ တိုက်ပွဲကာလက ၉ ရက်လောက် ကြာခဲ့တာပေါ့။ တိုက်ပွဲထဲမှာ ရန်သူ့ဘက်ကတော့ လေကြောင်းကနေ Jet Fighter၊ Y12၊ Mi 35 တွေနဲ့ တိုက်ခိုက်တာတွေ အလွန်အမင်းလုပ်ခဲ့လို့ PDF ရဲဘော်တချို့ ထိခိုက်ကျဆုံးခဲ့ရတာတွေ ရှိတယ်။ ထိခိုက်ကျဆုံးတဲ့ အသေးစိတ်အခြေအနေတွေကတော့ သက်ဆိုင်ရာအဖွဲ့အသီးသီးဘက်က သတင်းထုတ်ပြန်လာပါလိမ့်မယ်။ တိုက်ပွဲကပြီးသွားတယ်လို့တော့ မဆိုနိုင်သေးဘူး။ တချို့နေရာတွေမှာ စစ်ရေးအခြေအနေက တင်းမာနေဆဲရှိသေးတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲတွေထဲကနေ MA11 သေနတ် ၂ လက်၊ MA13 သေနတ် ၃ လက်၊ G3 သေနတ် ၂ လက်၊ MA3 သေနတ် ၃ လက်၊ ပါရီသေနတ် ၂ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ လက်လုပ်အတိုသေနတ် ၁ လက်၊ ၉ လုံးထိုးသေနတ် ၂ လက်၊ M22 လက်လုပ်သေနတ် ၁ လက်၊ MA1 သေနတ် ၈ လက်၊ MA2 သေနတ် ၂ လက်၊ ကျည်ဘောက် ၄၃ ခု၊ G3 ကျည် ၅၁၁ တောင့်၊ 5.56 ကျည် ၅,၀၉၄ တောင့်၊ 9MM ကျည်  ၂၆၇ တောင့်၊ 7.62 သုံးမျိုးကျည် ၂၉၇၈ တောင့်၊ ကာဘိုင်ကျည် ၁၄၈ တောင့်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ M9 ကျည်  ၄၉ လုံး၊ 60MM ဗုံးသီး ၂၈ လုံး၊ RPG အဖူး ၉ ဖူး၊ RPG ပို့ကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၁၅ လုံး၊ နင်းမိုင်း ၂၃  လုံး၊ 8 Channel Jammer စက် ၁ လုံး၊ 6 Channel Jammer စက် ၁ လုံး၊ မိုင်းရှာစက် ၁ လုံး၊ ဆိုင်ကယ် ၁၅ စီး၊ ကျပ်ငွေ ၉၆ သိန်းတို့အပြင် တခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့​တယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့) က ရဲဘော် ၆ ယောက်နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၃ ယောက်ထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိသေးတယ်လို့လည်း တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013