Home
မြန်မာသတင်း
မြိုင်မြို့နယ်ကို စစ်တပ်က ဗုံးကြဲသဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး လူနေအိမ်များပျက်စီး
DVB
·
May 25, 2025
Photo : We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က မေ ၂၄ ရက်က လေ​ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ အိုးရင်းရွာကို ဗုံးကြဲခံလိုက်ရလို့ အဲဒီရွာက အသက် ၂၀ အရွယ် အမျိုးသမီးလေး ၁ ယောက်ကတော့ ခေါင်းပေါက်တဲ့ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ လူနေအိမ်တွေက ၃ လုံး ထိတယ်။ ၂ လုံးကတော့ လုံးဝပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။

အိုးရင်းကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်တာမရှိဘဲ မနက် ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့လည်း ဆိုပါတယ်။

မြိုင် ပကဖ တာဝန်ခံ ဗိုလ်လကျ်ာ က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဗုံးကြဲတာဖြစ်တယ်။ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးကို တပြိုင်တည်းကြဲတယ်လို့ ယူဆတယ်။ အိမ် ၂ လုံးကြားကို အတည့်ကျလို့ အဲဒီအိမ် ၂ လုံးကတော့ ရစရာမရှိအောင်ကို ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းမှာ မြိုင်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် မြိုင်မြို့နယ်က ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကလည်း မြိုင်မြို့နယ်ထဲက ဗဟင်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးလို့ အရပ်သားပြည်သူ သားအမိ ၂ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ရသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့သေးရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013