Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးဆွေးနွေးမည်ဟု မလေးရှား ဝန်ကြီးချုပ်ပြော 
DVB
·
May 23, 2025
Photo :Reuters

မြန်မာပြည်တွင်းစစ်၊ တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ အမေရိကန်ရဲ့ သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့် ကောက်ခံတဲ့ကိစ္စတွေက လာမယ့်သတင်းပတ်မှာ ကျင်းပမယ့် ၂ ရက်ကြာ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးမယ့် ထိပ်တန်း အကြောင်းအရာတွေဖြစ်တယ်လို့  အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောတဲ့အကြောင်း AP သတင်းမှာ ဖော်ပြပါတယ်။ 

မလေးရှားဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့လက ဘန်ကောက်မြို့မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ခေါင်းဆောင်တွေနဲ့လည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေတော့  စစ်ခေါင်းဆောင်ကို တက်ခွင့်မပေးခဲ့ပေမဲ့ စစ်ကောင်စီက စေလွှတ်တဲ့ နိုင်ငံခြားရေး အဆင့်မြင့်အရာရှိတယောက်ကိုတော့ တက်ရောက်ခွင့်ပေးခဲ့ပါတယ်။

ဒါကြောင့် လာမယ့် ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို တက်ခွင့် မပေးဖို့နဲ့ အာဆီယံ တဖွဲ့လုံးအနေနဲ့ မြန်မာကို  လေယာဉ်ဆီတင်သွင်းမှု ပိတ်ပင်တားဆီးဖို့ အရပ်ဖက် အဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုနေပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လာမယ့် တနင်္လာနေ့ မေ ၂၆ ရက် နေ့စတင်ကျင်းပမှာဖြစ်ပြီး နောက်တနေ့ မေ ၂၇ ရက်မှာတော့ အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊  ပင်လယ်ကွေ့ဒေသက ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီနဲ့ ယူအေအီးနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ 

အာဆီယံ အဖွဲ့ဝင်နိုင်ငံအတော်များများဟာ အမေရိကန်ပြည်ထောင်စုဆီတင်ပို့တဲ့  ပို့ကုန်ကို အားထားနေကြတာဖြစ်ပြီး သမ္မတထရမ့်ပ်က စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကနေ ၄၉ ရာခိုင်နှုန်းအထိ ကောက်ခံမယ့် မူဝါဒသစ်ကြောင့် စီးပွားရေးအရ ထိခိုက်မှုတွေရှိနေတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံနိုင်ငံကို စာနာတဲ့အနေနဲ့ စည်းကြပ်ခွန်ကောက်ခံမယ့်ကိစ္စ ပြန်လည်သုံးသပ်မယ်လို့ အမေရိကန်က ကတိပေးထားတဲ့အကြောင်း၊  အာဆီယံတဖွဲ့လုံးအနေနဲ့ အမေရိကန်နဲ့ ဘယ်လို ညှိနှိုင်းမလဲဆိုတာ အတူပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့အကြောင်းနဲ့ တခြားမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ အီးယူနိုင်ငံတွေနဲ့  ချိတ်ဆက်ဆောက်ရွက်ခြင်းအားဖြင့် စီးပွားရေးဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့လည်း  ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံအကြား ပိုင်နက် အငြင်းပွားဖွယ်ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်အရေး ပြေလည်အောင်ဖြေရှင်းဖို့လည်း အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။ 

Source: AP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013