Home
မြန်မာသတင်း
စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီကို မထောက်ခံရန် အာဆီယံကိုတောင်းဆို
DVB
·
May 23, 2025

အာဆီယံအနေနဲ့ မြန်မာပြည်သူတွေကိုသာထောက်ခံရမှာဖြစ်ပြီး အစုလိုက် အပြုံလိုက် လူသတ်မှုကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ စေ့စပ်ညှိနှိုင်းရမှာမဟုတ်သလို လူသတ်သမားတွေကို ထောက်ခံရမှာမဟုတ်ဘူးလို့ မေ ၂၂ ရက်မှာ အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့  Defend Myanmar Democracy ( DMD )  က ထုတ်ပြန်လိုက်ပါတယ်။

မလေးရှားနိုင်ငံက ဥက္ကဋ္ဌ အဖြစ်ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် အာဆီယံကပြင်ဆင်နေချိန်မှာ စစ်ကောင်စီအုပ်စုနဲ့ ထိတွေ့ဆက်ဆံဖို့ လုပ်‌ဆောင်နေတဲ့အပေါ် ရှုတ်ချလိုက်ပြီး အာဆီယံအတွင်း စစ်အုပ်စုရဲ့ ပါဝင်မှုတွေကိုပါ ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆို လိုက်တာပါ။

DMD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနောင်နောင်က  “စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးမှုတိုင်းက သူတို့ကို အင်အားပိုကောင်းလာဖို့အားဆေးကျွေးနေတာပဲဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘူး၊ အာဆီယံအနေနဲ့ ဒါကို သံခင်းတမန်ခင်းပြောပြီး ဟန်ဆောင်နေတာတွေကို ရပ်ပါ၊ ဒါကကြံရာပါ နေနေတာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် DMD အနေနဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်အတိုင်း အချက် ၃ ချက်ကို အာဆီယံကိုတောင်းဆိုလိုက်ပြီး အဲဒီထဲမှာ စစ်အုပ်စုနဲ့ဆက်ဆံရေးရပ်တန့်ဖို့၊ မြန်မာ့အရေးကို မြန်မာပြည်သူတွေက ဦးဆောင်နိုင်တဲ့ ဖြေရှင်းနည်းကို ထောက်ခံအားပေးဖို့နဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအပေါ် ဖိအားပေးမှုတွေကို ရပ်တန့်ကရပ်ဖို့ စတဲ့ အချက်တွေကို တောင်းဆိုလိုက်တာပါ။

စစ်အုပ်စုကို နိုင်ငံတကာကအကာအကွယ်ပြုနေတဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းတာကို လုံးဝငြင်းပယ်ပြီး စာသင်ကျောင်းတွေကို ဗုံးကြဲပြီး ကလေးငယ်တွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေတာကို တရားဝင်မှု မပေးနိုင်ပါလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013