Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီကို မဖိတ်ကြားရန် အရပ်ဖက်အဖွဲ့များ တောင်းဆို
DVB
·
May 20, 2025

ဒေသတွင်းနိုင်ငံတွေကို ဖိတ်ကြားကျင်းပလေ့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေမှာ အာဏာသိမ်း စစ်ကောင်စီကို တရားဝင်ဖိတ်ကြားတာ၊ ဆွေးနွေးတာဝန်ပေးအပ်တာတွေ မလုပ်ဖို့ အရပ်ဖက်အဖွဲ့တွေက တောင်းဆိုပါတယ်။

၄၆ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကို မေလ ၂၃ ရက်ကနေ ၂၇ ရက်ထိ လက်ရှိအာဆီယံ ဥက္ကဋ္ဌ တာဝန်ကျတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမှာဖြစ်ပြီး  နိုင်ငံခေါင်းဆောင်တွေတက်ရောက်မယ့် အဓိက ထိပ်သီးဆွေးနွေးပွဲကိုတော့ မေ ၂၆ နဲ့ ၂၇ မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးပွဲတွေမှာ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဖိတ်ကြားတာက စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုပြီးရဲတင်းစေတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က DVB ကို ပြောပါတယ်၊

“မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံက ကြံရာပါအဖြစ် ဆက်လက် ရှိနေမှုအပေါ် ကန့်ကွက်ရှုတ်ချပါတယ်။ အစည်းအဝေးတွေ၊ ညီလာခံတွေကို ဖိတ်ကြားခြင်းက စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်တာဖြစ်ပြီး၊  အကြမ်းဖက်စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်ရာမှာ စစ်အုပ်စုကို ပိုမိုရဲတင်းစေမှာ ဖြစ်ပါတယ်။ ယခုလိုဖိတ်ကြားမှုတွေက ကျယ်ပြန့်တဲ့ပုံစံစက်ဝန်းရဲ့ အစိတ်အပိုင်းသာ ဖြစ်ပြီး၊ အာဆီယံအဖွဲ့အစည်းက စစ်ရေး လေ့ကျင့်သင်ကြားမှုတွေ၊ စစ်ဘက်ဆိုင်ရာထိတွေ့ဆက်ဆံမှုတွေကတဆင့် စစ်ရာဇဝတ်မှုတွေ အတွက် အားပေးကူညီလျက်ရှိပါတယ်။”

အခုနှစ် ၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက မလေးရှားနိုင်ငံဖြစ်တဲ့အတွက် မလေးရှားနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို လက်တွဲဖြုတ်ဖို့ လိုအပ်နေတဲ့ အချိန်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုဖိတ်ကြားမယ်ဆိုရင် မြန်မာပြည်သူတွေအသံကို လျစ်လျူရှုနေတာဖြစ်ကြောင်းကိုလည်း Fortify Rights က ပြောပါတယ်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ မချစ်ဆိုင်းက “မလေးရှားနဲ့ အာဆီယံတို့သည် စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာတွေကို ရပ်တန့်ဖို့ အမှန်တကယ် လိုအပ်နေပါပြီ။ အထူးသဖြင့် မေလ ၁၂ ရက်က ကျောင်းတကျောင်းပေါ်ကို ဗုံးကြဲပြီး ကလေး ၂၂ ယောက်နဲ့ ဆရာ ၂ ယောက်သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအတွင်း သူတို့ကို ပလက်ဖောင်းတစ်ခု ပေးတာ လုံးဝမသင့် တော်ပါဘူး။ အာဆီယံက စစ်ကောင်စီကို ဆက်လက် အသိအမှတ်ပြုနေတဲ့အခြေအနေက သူတို့လုပ်နေတဲ့ အကြမ်းဖက်မှုတွေက ပုံမှန်ဖြစ်သလို ဖြစ်လာစေပါတယ်။ ခါတိုင်းလို နေရာပေး အသိမှတ်ပြုနေတာတွေကို ရပ်ပြီး ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံရေးမှာလည်း နေရာဆက်မပေးသင့်တော့ပါဘူး။ အာဆီယံက စစ်ကောင်စီအစား မြန်မာပြည်သူတွေဘက်ကို နားထောင်ဖို့ အချိန်တန်ပါပြီ” လို့ ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ  ပြီးခဲ့တဲ့ ဧပြီလတုန်းက စစ်ခေါင်းဆောင်နဲ့ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ  (NUG)  ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့လည်း အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၄၄ ကြိမ်မြောက်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ  လာအိုနိုင်ငံဖြစ်ခဲ့စဉ် ၂၀၂၄ ခုနှစ်အောက်တိုဘာလမှာ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်ကိုဖိတ်ကြားခဲ့တဲ့အတွက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် နဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013