Home
မြန်မာသတင်း
လုပ်ခတိုးမြှင့်ပေးရေးတောင်းဆိုမှု Non-CDM ဝန်ထမ်းများထံ ကူးစက်မည်ကို စစ်ကောင်စီစိုးရိမ်  
DVB
·
May 22, 2025

စက်ရုံလုပ်သားတွေရဲ့ လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုတာတွေ ဆက်တိုက်ရှိလာတဲ့နောက် Non-CDM ဝန်ထမ်းတွေဆီကပါ တောင်းဆိုမှုတွေ ကူးစက်မှာကို စစ်ကောင်စီက စိုးရိမ်နေတယ်လို့ ဌာနဆိုင်ရာသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း တရှိန်ထိုးမြင့်တက်လာတာနဲ့အတူ လုပ်ခလစာ နည်းပါးတာကြောင့် ပုဂ္ဂလိကလုပ်သားတွေတင်မကဘဲ Non CDM နဲ့ ဌာနဆိုင်ရာ နေ့စားဝန်ထမ်းတွေပါ စားဝတ်နေရေး ခက်ခဲကျပ်တည်းတဲ့ ဒုက္ခကို ရင်ဆိုင်နေရကာ စက်ရုံတချို့မှာ လုပ်ခတိုးပေးဖို့ တောင်းဆိုလာကြတာပါ။  

ပညာရေးဌာန Non CDM အရာရှိတယောက်က  "အပြင်မှာဆန္ဒပြနေကြတာရှိတော့ အောက်ခြေဝန်ထမ်းတွေကို ထိန်းထိန်းသိမ်းသိမ်းစောင့်ကြည့်ဖို့ အဆင့်ဆင့် နှုတ်နဲ့ မှာတာတွေရှိတယ်။ လစာနဲ့ ကုန်စျေးနူန်းကမမျှတော့ ဝန်ထမ်းတွေလည်း လစာတိုးဖို့ မျှော်တာပေါ့” လို့  ပြောပါတယ်။  

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ Non CDM ဝန်ထမ်းတွေအနေနဲ့ လစာတိုးပေးဖို့ မျှော်လင့်ထားကြပေမဲ့ စစ်ကောင်စီက ဘဏ္ဍာရေးအခြေအနေကိုအကြောင်းပြပြီး လျစ်လျူရှု ထားတယ်လို့ ဝန်ထမ်းအသိုက်အဝန်းက ဆိုပါတယ်။

စစ်ကောင်စီက လစာမတိုးပေးပေမဲ့ ၂၀၂၂ အောက်တိုဘာနဲ့ ၂၀၂၄ သြဂုတ်လတို့မှာ တရက်ကို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ စီခံစားခွင့်ပေးကြောင်း ကြေညာပြီး နှစ်သိမ့်ခဲ့ပါတယ်။  

ကျန်းမာရေးဝန်ကြီးဌာနမှ နေ့စားဝန်ထမ်းတယောက်က  "ထောက်ပံ့ကြေးပေးလည်းမလောက်ဘူး။ ရတာနဲ့ ပြန်ကုန်တာကမမျှဘူးလေ။ အပြင်အလုပ်သမားကမှ တောင်းဆိုလို့ရသေးတယ်။ ကိုယ်တွေကတော့ အဲဒီလောက်ပြောရဲဆိုရဲလည်း မရှိပါဘူး” လို့ ပြောပါတယ်။  

အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေကို တိုးမြှင့်သတ်မှတ်ပေးမယ်ဆိုရင် ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ပါ ပြန်ချိန်ညှိရဖို့ရှိပြီး ဘဏ္ဍာငွေအခက်အခဲရှိနေတဲ့ စစ်ကောင်စီက လုပ်ခနှုန်းထားအသစ်ကို သတ်မှတ်ပေးပြီး ရှောင်လွှဲနေတာလို့  ပြည်တွင်းအလုပ်သမားအရေး လူပ်ရှားသူတွေက ဆိုပါတယ်။  

အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် သတ်မှတ်တိုးပေးရင် ဌာနဆိုင်ရာနေ့စား၊ ဝန်ထမ်းတွေပါ အဲဒီနှုန်းထားအတိုင်း ခံစားခွင့်ရရှိမှာဖြစ်ပြီး အမြဲတမ်းဝန်ထမ်းတွေရဲ့ လစာထက်ကျော်လွန်သွားမှာကို စစ်ကောင်စီဘက်က သတိထားနေရတာလို့ ဆိုပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့က စက်ရုံတချို့မှာတော့  တရက်လုပ်ခ ကျပ် ၁၀,၀၀၀ ထက်မနည်း တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပြီး တောင်းတဲ့အတိုင်း ရရှိသွားတာရှိသလို ဆက်လက် တောင်းဆိုနေကြတာတွေလည်း ရှိနေပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013