
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုနဲ့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်ထန်း ရှင်နာဝပ်တို့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ အာဏာသိမ်းကတည်းက စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုဟာ မေ ၁၉ ရက်က ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်စဉ် ထိုင်းဝန်ကြီးချုပ် ဖဲထောင်ထန်း ရှင်နာဝပ်နဲ့ ဘန်ကောက်မှာ တွေ့ဆုံရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေအပြင် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။
သမ္မတ ပရာဘိုဝိုဆူဘီယန်တိုက “အင်ဒိုနီရှားဟာ ထိုင်းနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုသလို အထူးသဖြင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတခု ရှာဖွေရာမှာ အိမ်နီးချင်းနိုင်ငံတွေ ပါဝင်ပတ်သက်စေမှု၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး အဆင်ပြေချောမွေ့စေရေး ပံ့ပိုးပေးမှုတွေအတွက် ဂုဏ်ပြုတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်း၊ တည်ငြိမ်မှု ရရှိရေး အရှိန်မြှင့်ဆောင်ရွက်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အင်ဒိုနီးရှားက ထောက်ခံကြောင်းလည်း ပြောသွားခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံမှာ ဘုံသဘောတူညီချက် ရှာပြီးတော့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ရာမှာ မလေးရှားရဲ့ အာဆီယံဥက္ကဋ္ဌ အနေနဲ့ ခေါင်းဆောင်မှုကဏ္ဍကို ထောက်ခံတယ်လို့ ပြောသွားပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဟာ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ကွာလာလမ်ပူမြို့မှာ မေ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။
Source: Reuters