Home
အထွေထွေ
စစ်ရှောင်လှူဒါန်းရန်ဆိုကာ စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ဆန်ခွဲတမ်းတောင်းယူနေ
DVB
·
May 23, 2025

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဆန်စက်လုပ်ငန်းရှင်တွေနဲ့ မြို့ပေါ်ရှိ လုပ်ငန်းရှင်တွေကို ခေါ်ယူကာ စစ်ဘေးရှောင်လှူဖို့ဆိုပြီး ဆန်ခွဲတမ်း တောင်းယူနေတယ်လို့ မြို့ခံ လုပ်ငန်းရှင်တချို့ဆီကနေ သိရပါတယ်။

ရှေ့တန်းစစ်မြေပြင်ပို့ဖို့ ရိက္ခာမလုံလောက်တာကြောင့် ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေထဲက လုပ်ငန်းရှင်တွေဆီကနေ ဆန် (သို့) ဆန်ဖိုးငွေ ကောက်ခံတာလို့ ဆိုပါတယ်။

လုပ်ငန်းရှင်တယောက်က “ဒါက သူတို့လုပ်နေကြပဲလေ၊ ဘာပွဲလုပ်လုပ် လုပ်ငန်းရှင်တွေဆီကပဲ ခွဲခံနေတာလေ၊ ခုလည်း အဆင်ပြေရင်ပြေသလို ဆန်အိတ်ဝယ်ပေးပါဆိုပေမဲ့ အနည်းဆုံး လုပ်ငန်းရှင်တဦးကို ၅ သိန်းကနေ သိန်း ၅၀ ဖိုးအထိ ကောက်ခံနေတာ၊ ဆန်ဝယ်ခိုင်းတာ၊ ဆန်မဝယ်ပေးလ​ည်း ဆန်ဖိုးအစား ငွေပေးရတယ်။ မေ ၁၉ ရက်ကတည်းက တောင်းနေတာ၊ တချို့ ဆန်စက်လုပ်ငန်းရှင်တွေကတော့ ဆန်အိတ်တွေ ထည့်ပေးတယ်။ ခေါင်းစဥ်ကတော့ စစ်ဘေးရှောင်လှူဖို့ပေါ့။ ဧရာဝတီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းကတော့ မြို့တွေလှည့်ပတ်ပြီး စစ်ဘေးရှောင်တွေကို စစ်ကောင်စီက လှူဒါန်းတယ်ဆိုပြီး ဆန်တွေလိုက်လှူနေတာပဲ။ မေလ ၁၇ ရက်နေ့ကစပြီး ဖျာပုံ၊ ကျိုတ်လတ်၊ မအူပင်မြို့တွေကို သွားလှူတယ်။ ဒါလည်း လုပ်ငန်းရှင်တွေကိုပြဖို့ လှူဒါန်းပြတာ။ တကယ်တမ်းက စစ်ကောင်စီမှာ အရန်ဆန်စပါး နည်းနေတာကြောင့် လုပ်ငန်းရှင်တွေဆီကနေ ခေါင်းစဥ်တပ် ခွဲတမ်းချ ကောက်ခံတာ” လို့ ပြောပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့ ပုသိမ်မြို့ဒေသခံတယောက်က “စစ်တပ်က FAW ကားတွေနဲ့ ဆန်အိတ်တွေသယ်နေတာ ဒီနေ့ဆို ၃ ရက်ရှိပြီ။ ဘယ်ကနေ သယ်ယူလာတာလဲတော့ မသိဘူး။ တနေ့ တနေ့ အခေါက်ရေ မနည်းဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ တပ်သက်သာ စျေးရောင်းပွဲတော်တွေ ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မြို့နယ်အလိုက် ပြုလုပ်ခဲ့ပြီး တပ်သက်သာရောင်းတဲ့ ပစ္စည်းအများစုကို လုပ်ငန်းရှင်တွေဆီကပဲ ခွဲတမ်းနဲ့ထည့်ဝင်ခိုင်းပြီး တပ်သက်သာဆိုတဲ့ ခေါင်းစဥ်တပ် လုပ်ခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013